ထိုင်းမိန်းကလေးငယ်တစ်ဦးအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အနှိပ်ခန်းတစ်ခုတွင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက် ခိုင်းစေမှုအတွက် အဆိုပါအနှိပ်ခန်းမန်နေဂျာအား နောက်ထပ်အမှုဖွင့် အရေးယူထားသည်။
အဆိုပါ ဆိုင်မန်နေဂျာသည်လည်း ထိုင်းအမျိုးသမီးဖြစ်ပြီး သူသည် အသက် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်အား မိခင်မှတစ်ဆင့် အလုပ်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ပွန်ဆီရီပန်ညာဖာခါဖွန်ဆိုသူ မန်နေဂျာ ထိုင်းအမျိုးသမီးအား နိုင်ငံခြားသားတစ်ဦးအား တရားမဝင် အလုပ်လုပ်ကိုင်ရန် စီစဉ်ပေးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအား ချိုးဖောက်မှု သံသယများဖြင့် ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကလေးသူငယ် သာယာဝပြောရေးဥပဒေအား ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။
ပွန်ဆီရီပန်ညာသည် ထိုင်းအမျိုးသမီးများအား သီးသန့်အခန်းပါ အနှိပ်ခန်းများနှင့် မိတ်ဆက်ပေးသည့် ပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ၎င်းသည် အနှိပ်ခန်းပိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဂျပန်အမျိုးသား မာဆာယူကီဟိုဆိုနိုနှင့် ပူးပေါင်းကာ ပြီးခဲ့သည့်နှစ် ဇွန်လ ၃၀ ရက်ဝန်းကျင်တွင် အဆိုပါ မိန်းကလေးငယ်အား လိင်အလုပ်သမားအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ယခု ထပ်မံထုတ်ပြန်သည့် ဝရမ်းတွင် န်ဆီရီပန်ညာသည် ဖမ်းဆီးခြင်းခံထားရသူ ဆိုင်ရှင် ဟိုဆိုနို နှင့် ပူးပေါင်း၍ မိန်းကလေးငယ်အား ရက်တိုဗီဇာဖြင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့မှုနှင့် သတ်မှတ်ထားသည့် ဘောင်ပြင်ပတွင် အလုပ်လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခဲ့မှုတို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်က စက်တင်ဘာလအတွင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီသို့ ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့သည်။
၎င်းအား ဂျပန်အာဏာပိုင်များက အကာအကွယ်ပေး စောင့်ရှောက်ခဲ့ပြီးနောက် ယခုအခါ ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့ပြီဖြစ်သည်။
မိန်းကလေးငယ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက မိခင်ဖြစ်သူနှင့်အတူ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး တစ်လအတွင်း ဖောက်သည် ၆၀ ခန့်အား လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရန် ခိုင်းစေခြင်း ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ မိန်းကလေးငယ်၏ အသက် ၂၉ နှစ်အရွယ် မိခင်ဖြစ်သူအား လူကုန်ကူးမှု သံသယနှင့် အခြားသော ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
