ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသည့် ကမ္ဘောဒီးယားအလုပ်သမား ၁သိန်းခန့်နှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများကို အကဲဖြတ်သုံးသပ်ပြီးမှသာ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးရေးကိစ္စကို အစိုးရအဖွဲ့က စဉ်းစားသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ထရီနွတ် သီရန်ထောင်က ဖေဖေဖာ်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအလုပ်သမား ၁သိန်းခန့်သည့် လက်ရှိတွင် နယ်စပ်ပြဿနာများကြောင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေကြပြီး ယခုအခါ ၎င်းတို့ နေထိုင်မှုမှာ တရားမဝင်ဖြစ်နေသည်။
အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးရန် မဆုံးဖြတ်မီ အစိုးရအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား အခြေအနေနှင့် ဆက်စပ်နေသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ဦးစွာသုံးသပ်ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ထရီနွတ် သီရန်ထောင်က အစိုးရအိမ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုရှိနေသော်လည်း အမျိုးသားလုံခြုံရေးနှင့် ကိုက်ညီအောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
အစိုးရအဖွဲ့အစည်းအဝေးသို့ မတင်ပြမီ လုံခြုံရေးအာဏာပိုင်များအနေဖြင့် သေချာစွာ ပြန်လည်သုံးသပ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ အခြေအနေများကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အချက်အလက် အမြောက်အမြားကို ထည့်သွင်းစဉ်းစားနေကြောင်းလည်း ၎င်းကဆိုသည်။
