ဖားဆောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်ပြီး စက်လှေဈေးများ ထိုးတက်လာ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ပျက်စီးနေသည့် ဖားဆောင်းတံတား

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်မြစ်ကူး (ဖားဆောင်း) တံတား မိုင်းခွဲခံရပြီးနောက် စက်လှေစျေးနှုန်းများ ထိုးတက်ကာ ကုန်သွယ်ရေးများ ကြန့်ကြာနေကြောင်း ဖားဆောင်းမြို့အနီးနေ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းက ဖားဆောင်းတံတား း မိုင်းခွဲခံရသဖြင့် တံတားထိပ်ပိုင်း ကျိုးကျပျက်စီးသွားခဲ့ပြီး ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ကြောင်း ဖားဆောင်းမြို့အနီးနေ စစ်ရှောင်တစ်ဦးက ပြောကြားသည်။

“တော်လှန်ရေးအဖွဲ့တွေ မိုင်းခွဲလို့ တံတားကျိုးသွားတာပါ။ အရင်က စက်လှေတစ်စီးကို သိန်း ၂၄၀ လောက် ရှိတယ်။ အဲ့ဒါက ကျွန်းသားနဲ့ ပျဉ်းကတိုးသား ရောထားတာပေါ့။ မနေ့က တံတားကျိုးတော့ စက်လှေတစ်စီးကို သိန်း ၃၀၀ နီးပါး စျေးတက်သွားတယ်။ ဒီနေ့ကျတော့ စက်လှေတစ်စီးကို သိန်း ၃၂၀ ကနေ သိန်း ၃၆၀ ကြားအထိ စျေးတက်သွားတယ်” ဟု ၎င်းက ပြောသည်။

သံလွင်မြစ်ကူး (ဖားဆောင်း) တံတားသည် ထိုင်း-ကရင်နီ ကုန်သွယ်ရေးလမ်း၏ အဓိက လမ်းမကြီးဖြစ်ပြီး ကလလတတပ်(ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)ဖွဲ့မှ မိုင်းခွဲဖျက်ဆီးလိုက်သဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများစွာ နှောင့်နှေးသွားကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

“ကလလတဖက်ကနေ မိုင်းခွဲဖျက်ဆီးလိုက်တာပေါ့။ တော်ရုံအဆင့်နဲ့တော့ တံတားကို မိုင်းခွဲလို့ မရဘူးလေ။ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KA တို့၊ KNDF တို့၊ PDF နဲ့ ကြယ်ဖြူတို့တောင် တံတားချိုးတာနဲ့ ပတ်သက်ပြီး သဘောမတွေ့ကြဘူး။ စစ်ရေးဗျူဟာအရလား၊ ဘာကြောင့်လဲ ဆိုတာတော့ တိတိကျကျ ထုတ်ပြန်ထားတာ မရှိဘူး။ အခုတော့ ခြေလျင်ပဲ သွားလာလို့ ရတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါ ဖားဆောင်းတံတား မိုင်းခွဲခံရမှုနှင့် ပတ်သက်၍ KNDF တပ်ဖွဲ့ထံ MPA မှ ယမန်နေ့က ဆက်သွယ်မေးမြန်းရာ ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဖားဆောင်းတံတား မိုင်းခွဲခံရပြီးနောက် သံလွင်မြစ်အား စက်လှေဖြင့် ကူးသန်းသွားလာနေရပြီး ခရီးသည်တစ်ဦးလျှင် တစ်သောင်းကျပ် ပေးဆောင်၍ သွားလာနေရကြောင်း ယမန်နေ့က စက်လှေဖြင့် ခရီးသွားလာခဲ့သည့် ပြည်သူတစ်ဦးက ပြောကြားသည်။

“ကုန်သမားတွေရော၊ ဒေသခံတွေရော စက်လှေနဲ့ ကမ်းကူးရင် တစ်ယောက် တစ်သောင်း ပေးရတယ်။ ကားတွေနဲ့ ဖြတ်ရင်တော့ ဇက်တစ်စီးကို သုံးသိန်းနှစ်သောင်းကနေ လေးသိန်းခွဲအထိ ကားအမျိုးအစားပေါ် မူတည်ပြီး ပေးရတယ်။ အဲ့ဒီတော့ ကုန်စျေးနှုန်းတွေက ပိုတက်လာတော့မှာပေါ့။ လမ်းစရိတ်နဲ့တင် တော်တော်ကုန်နေပြီ ဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်၍ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့် ဖားဆောင်းတံတားအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်ကော်မရှင်တပ်မှ ကာမီကာဇေဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး တံတားပေါ်သို့ ဖြတ်သန်းသွားလာသူများကိုလည်း ပွိုင့်ဖိုက်စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သေးသည်။

လက်ရှိတွင် ဖားဆောင်းတံတားအား စစ်ကော်မရှင်တပ်မှ ပြုပြင်ခြင်း မရှိသေးသလို ဖားဆောင်းမြို့တွင်း၌လည်း ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။