ဝမ်းတွင်းတွင် PDF အယောင်ဆောင် ပျူစောထီး ၃ ဦး ဘုန်းကြီးပါမချန် ဓားပြတိုက်

ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ဝမ်းတွင်းမြို့ထွေအုပ်ရုံး။(ပုံဟောင်း)

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်တွင် ပျူစောထီးများက PDFအယောင်ဆောင်ကာ ဘုန်းကြီးပါမချန် ဓားပြတိုက်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရှိ ခံတော-အောင်သာရွာရှိ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်းအတွင်းသို့ ကျားသေကန်ပျူရွာမှ ပျူစောထီး ၃ ဦးတို့ သေနတ်အတိုများ ကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ဘုန်းကြီးတစ်ပါး၏ ဦးခေါင်းကို သေနတ်နှင့် ထောက်ကာ ၎င်းနာမည် ဗိုလ်ကျားကြီးဖြစ်ပြီး သေသွားမည်ဟုဆိုကာ ခြိမ်းခြောက် ငွေတောင်းခဲ့ကြောင်း ဘုန်းကြီးက ငွေမပေးနိုင်သဖြင့် ကားသော့နှင့် ကားကို ယူကာ ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းမပေါ် ၊ ခံတော-အောင်သာနှင့် ဖလန်ကန် လမ်းခွဲနေရာ၌ ငွေ ၆ သိန်းဖြင့် ကားပြန်ရွေးခိုင်းခဲ့ကြောင်း ဘုန်းကြီးကျောင်းဘေးရှိ နေအိမ်ကိုလည်း ၎င်းတို့သည် စစ်သားများမဟုတ်ဘဲ PDF များသာ ဖြစ်သည်ဟု ပြောသွားခဲ့ကြောင်း ၊ ဘုန်းကြီးက ငွေစုပြီး ငွေ ၆ သိန်းဖြင့် ပြန်ရွေးနိုင်သဖြင့် ကားကို ပြန်လည်ရရှိခဲ့ကြောင်း Voice of Wundwin က သတင်းထုတ်ပြန်ထားသည်။

“အဲဒီ ကျားသေကန်ရွာက ပျူအားကောင်းလို့ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာ ၂၀၂၂ လောက်ကတည်းက။ ခုလိုဖြစ်တာက ဒီဘက်မှာတော့ ခုစပြီးကြားတာ သူတို့။ ကျားသေကန်ဘက် နားက ရွာတွေမှာ အရင်လည်း ခဏခဏဖြစ်ဖူးတယ်။ အဲဒီဘက်က ပြည်သူတွေက ကြောက်လို့ သတင်းမထွက်တာ။ ဘုန်းကြီးက ထိခိုက် ဒဏ်ရာ ရတာတွေတော့မရှိဘူးပြောတယ် “ဟု Voice of Wundwin မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ထိုနေ့တွင်ပင် ယင်းပျူစောထီး ၃ ဦးသည် ပျားစွဲကျေးရွာမှ ဝမ်းတွင်းသို့ အလှူသွားသော အသက် ၆၀ အရွယ် အမျိုးသားနှင့် အသက် ၄၀ အရွယ်ရှိ ၎င်း၏သမီးတို့မောင်းလာသည့် AD Van အဖြူရောင် ကား ကို ခံတော-အောင်သာနှင့် ဖလန်ကန် လမ်းခွဲလမ်းဆုံ၌ သေနတ်ပြတားကာ ရွှေ ၄ ကျပ်သား လုယူပြီး ကားကိုသိမ်းကာ ငွေသိန်း၁၀၀ ထပ်မံပေးမှသာ ယင်းသားအဖ ၂ ဦးကို လွှတ်ပေးမည်ဟုဆိုကြောင်း ရွာသို့ဖုန်းဆက်တောင်းရာ ငွေသိန်း ၃၀ သာရသောကြောင့် ငွေသိန်း ၃၀ နှင့်အတူ ကားကိုယူဆောင်သွားကာ လူကိုလွှတ်ပေးခဲ့ကြောင်း သိရသည်။

“အခုဖြစ်စဉ်ကိုလည်း သူတို့ဓားပြတိုက်တဲ့ သားအဖကို ခုကိစ္စ အပြင်ကိုသတင်းမထွက်အောင်နေဖို့ ခြိမ်းခြောက်သွားတယ်လို့သိရတယ်။ အပြင်ကို စကားမဖွဖို့ အဲ့သားအဖကိုသေနတ်နဲ့ ချိန်ပြီးပြော တာ။ တကယ်လို့ အပြင်ကိုသတင်းထွက်ရင် သူတို့အကြောင်းသိမယ်ဆိုပြီး။ ခုသတင်းရတာက တ ခြားမျက်မြင်သက်သေတွေကြောင့် သိရတာ။ ကားက သိန်း ၁၅၀၀ လောက်တန်နေတယ် ကြား တယ်။ ခုပေါက်စျေးအရပေါ့။ မနေ့(ဖေဖော်ဝါရီ ၁၇ ရက်)ကထိပြန်မရသေးဘူးကြားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

PDF အမည်ခံ ဓားပြတိုက်သူ ၃ ဦးသည် အသက် ၁၈ နှစ် အရွယ် လူငယ် ၂ ဦးနှင့် ခေါင်းဆောင်မှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ကျားသေကန်ပျူရွာမှ အုပ်ကြီး၏တပည့် ပျူစောထီးများဖြစ်သည်ဟု မျက်မြင်‌တွေ့ခဲ့သည့် ပြည်သူများထံမှ သိရကြောင်း ထုတ်ပြန်ထားသည်။

ယင်းဓားပြတိုက်မှုများကို ဝမ်းတွင်းရဲစခန်းနှင့် ပင်းတလဲ ရဲစခန်းသို့ တိုင်ကြားသော်လည်း ညပိုင်းမှသာ မိတ္တီလာဘက်မှ စစ်ဗိုလ်ဆိုသူ ရောက်လာပြီး သေနတ်ဖောက်ကာ “ကျားသေကန် ပျူရွာအုပ်ကြီး ဌေးကျော်လွင်‌ဆိုတဲ့ကောင် ဒီအထိလာပြီး ဗိုလ်ကျနေပြီကွ”ဟု ပြောကာ ည ၁၁ နာရီဝန်းကျင်၌ ပြန်သွားကြောင်း သိရသည်။

ထိုသို့ဖြစ်ပြီးနောက် ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းတစ်လျှောက်ကို ပြည်သူများ အသုံးမပြုရဲဖြစ်နေပြီး ယင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများသည် မြို့ပေါ်မှ သီးနှံပွဲစားများ မလာရဲတော့သဖြင့် ကောက်ပဲ သီးနှံများလည်း မရောင်းချရတော့ကြောင်း သိရသည်။

ခံတော-အောင်သာကျေးရွာသည် ဝမ်းတွင်းမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး ကျားသေကန် ပျူရွာနှင့် ၆ မိုင်ခန့်သာဝေးသည်။