X၊ Meta နှင့် TikTok တို့တွင် AI ဖြင့် ဖန်တီးထားသော ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုကို စပိန်စုံစမ်းစစ်ဆေးမည်

ဓာတ်ပုံ - Reuters
ပုံစာ - စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အီလွန်မက်စ်၏ X လူမှုမီဒီယာအား ဆန့်ကျင်သည့် ပိုစတာတစ်ခုကို တွေ့ရစဉ်။

စပိန်အစိုးရအနေဖြင့် AI (ဉာဏ်ရည်တု) နည်းပညာဖြင့် ဖန်တီးထားသော ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာကာမဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ အကြောင်းအရာများကို ဖြန့်ဝေနေသည်ဟု ယူဆရသည့် X၊ Meta နှင့် TikTok အစရှိသော လူမှုကွန်ရက်ပလက်ဖောင်းများကို စုံစမ်းစစ်ဆေးရန် တရားစွဲဆိုရေးအဖွဲ့များအား ညွှန်ကြားထားကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြား သည်။

ဥရောပ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် နည်းပညာကုမ္ပဏီကြီးများ၏ ဒစ်ဂျစ်တယ်ကြော်ငြာများတွင် မမျှတစွာ ယှဉ်ပြိုင်မှုပြုခြင်းမှသည် လူမှုကွန်ရက်ပေါ်တွင် စွဲလမ်းစေမည့် အသွင်အပြင်များကို ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ထားခြင်းအထိ ကျယ်ပြန့်သော အလွဲသုံးစားပြုကျင့်မှုများကို အရေးယူဆောင်ရွက်နေသည့် အချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဒီပလက်ဖောင်းတွေဟာ ကျွန်တော်တို့ ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ထိခိုက်စေနေပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ ခွင့်မပြုနိုင်ပါဘူး။ ဒီကုမ္ပဏီကြီးတွေရဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်ရပါမယ်” ဟု ဝန်ကြီးချုပ် ဆန်းချက်ဇ်က ၎င်း၏ X အကောင့်တွင် ရေးသားခဲ့သည်။

အစိုးရအနေဖြင့် X၊ Meta နှင့် TikTok တို့က ၎င်းတို့၏ AI ကို အသုံးပြု၍ ကလေးသူငယ်ညစ်ညမ်းပုံရိပ်များကို ဖန်တီးခြင်းနှင့် ဖြန့်ဝေခြင်းတို့မှတစ်ဆင့် ကျူးလွန်နိုင်ခြေရှိသော ပြစ်မှုများကို စုံစမ်းစစ်ဆေးပေးရန် တရားစွဲဆိုရေးအဖွဲ့များသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင်လည်း ဝန်ကြီးချုပ် ဆန်းချက်ဇ်က အသက် ၁၆ နှစ်အောက် ကလေးများအား လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်ရန် အဆိုပြုချက် အပါအဝင် အွန်လိုင်းအလွဲသုံးစားမှုများကို ထိန်းချုပ်ရန်နှင့် ကလေးသူငယ်များကို ကာကွယ်ရန် ရည်ရွယ်သည့် လုပ်ဆောင်ချက် အများအပြားကို ကြေညာခဲ့သည်။

ထိုနေ့မှာပင် ပြင်သစ်ရဲတပ်ဖွဲ့သည် အီလွန်မတ်စ်၏ X ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဥရောပတစ်လွှားရှိ အာဏာပိုင်များ၏ စောင့်ကြည့်စစ်ဆေးမှုများ မြင့်တက်လာနေစဉ်အတွင်း ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်အနေဖြင့် ၎င်းအား မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားစွဲဆိုရေးအဖွဲ့များက ဆင့်ခေါ်ခဲ့သည်။

နိုဝင်ဘာလအတွင်းကလည်း Facebook နှင့် Instagram အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ချိုးဖောက်နိုင်ခြေရှိမှုအတွက် Meta ကို စပိန်လွှတ်တော်က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။

ထို့အပြင် အိုင်ယာလန်နိုင်ငံ၏ အချက်အလက်ကာကွယ်ရေးကော်မရှင် (Data Protection Commission) ကလည်း ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုပ်ဆောင်ခြင်းနှင့် ကလေးသူငယ်များ ပါဝင်သော ပုံရိပ်များအပါအဝင် အန္တရာယ်ရှိသည့် လိင်ပိုင်းဆိုင်ရာ ပုံရိပ်နှင့် ဗီဒီယိုများ ထုတ်လုပ်နိုင်ခြေရှိမှုတို့ကြောင့် Grok ကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။