BNRA ကို တိုက်ခိုက်ခဲ့သည့် စစ်အင်အားသည် စစ်ကော်မရှင်ကိုတိုက်ခိုက်ရာတွင် သုံးစွဲသည့် အင်အားထက် များစွာသာလွန်နေဟု GZA ထောက်ပြ

ပုလဲမြို့နယ်အတွင်းရှိ BNRA ကို တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ယင်းမာပင်ခရိုင်တပ်ရင်းများ သုံးစွဲခဲ့သည့် စစ်အင်အားသည့် စစ်ကော်မရှင်ကို တိုက်ခိုက်ရာတွင် သုံးစွဲသည့် အင်အားထက် များစွာ သာလွန်နေကြောင်း ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA) ဗဟိုစစ်ရုံးချုပ်က ယနေ့( ဖေဖော်ဝါရီလ ၁၈ ရက်)တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဘုံရန်သူ ပျောက်သည့် တော်လှန်ရေးဖြစ်လာ တော့မည်လားဟု မေးခွန်းထုတ်ထားပြီး လက်နက်ကိုင်အင်အားသုံး၍ ဖြေရှင်းနေမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်၏ ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များသည် BNRA စခန်းများရှိရာ အနီးတစ်ဝိုက်သို့ အင်အားထောင်ဂဏန်းကျော်ဖြင့် တပ်ဖြန့်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်ရာတွင် ပြည်သူလူထုက တော်လှန်ရေးအတွက် လှူဒါန်းထားသည့် ခြောက်လက်ဒရုန်းများနှင့် လက်နက်ကြီး အများအပြားကို အသုံးပြုကာ BNRA ဂိတ် ၃ ခုကို တစ်ပြိုင်နက်တည်း စနစ်တကျ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု GZAက ဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် လူနှင့် လက်နက်အင်အားမှာ ဘုံရန်သူ စစ်ကော်မရှင်အား တိုက်ခိုက်ရာတွင် သုံးစွဲသည့် အင်အားထက်ပင် များစွာသာလွန်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရကြောင်း GZA က ဖော်ပြထားသည်။

ယခုကဲ့သို့ လုပ်ရပ်မျိုးသည် မည်သည့်အဖွဲ့အစည်းအတွက်မျှ အကျိုးမရှိဘဲ ဘုံရန်သူအတွက် လက်ခမောင်းခတ်ရန် အားပေးလိုက်ခြင်းသာ ဖြစ်သည်ဟု GZA က ရှုမြင်သည်။

အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကို တိုက်မည့်အစား မိမိတို့အချင်းချင်းကြား ကျည်ဆန်များ ဖြုန်းတီးနေခြင်းမှာ တော်လှန်ရေးကို သွေဖီခြင်းပင် ဖြစ်ကြောင်း ဝေဖန်ထားသည်။

တော်လှန်ရေးအဖွဲ့များအကြား မပြေလည်မှုများကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပြီး အင်အားသုံးဖြေရှင်းခြင်းမှာ မှားယွင်းသော လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး အဖွဲ့အစည်းများအကြား ဖြစ်ပေါ်သည့် ပြဿနာများသည် မိတ်ဖက်ပဋိပက္ခသာ ဖြစ်သင့်ပြီး ရန်သူအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းခြင်းကို လုံးဝလက်မခံဘဲ ထိုသို့တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် GZAက တောင်းဆိုထားသည်။

အချင်းချင်းကြား တိုက်ခိုက်နေခြင်းသည် မည်သည့်အကျိုးမှ မဖြစ်ထွန်းသည့်အပြင် ကာကွယ်ပေးရမည့် ပြည်သူလူထုကိုလည်း များစွာ ဒုက္ခရောက်စေကြောင်း၊ ထို့ကြောင့် တော်လှန်ရေးသမား အချင်းချင်းဖက်သို့ သေနတ်ပြောင်းလှည့်သည့် ကိစ္စကို လုံးဝလက်မခံကြောင်းနှင့် ယခုကဲ့သို့ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် GZA ဗဟိုစစ်ရုံးချုပ်က အလေးအနက် အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။