ဒီးမော့ဆိုမြို့နယ်အား စစ်ကော်မရှင်က ခါးလယ်မှဖြတ်တောက်ထား၊ ကုန်သည်နှင့် လူနာများ အခက်တွေ့နေ

ဓာတ်ပုံ- MPA
ပုံစာ - ကရင်နီပြည်အတွင်း စားနပ်ရိက္ခာ သယ်ဆောင်သည့် ကားတစ်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အား စစ်ကော်မရှင်တပ်မှ ၁၃ ရက်ကြာ (ယနေ့အထိ) ခါးလည်မှ ဖြတ်တောက်ထားသဖြင့် ကုန်သည်များနှင့် လူနာများ အခက်တွေ့နေကြောင်း ဒီးမော့ဆိုမြို့နယ်နေ ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးအား စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးလာသဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ အသုံးပြုခွင့် ပိတ်ထားကြောင်း ဒီးမော့ဆိုမြို့နယ်နေ ဒေသခံတစ်ဦးက ပြောကြားသည်။

“ပိတ်တာက ၆ ရက်နေ့ကစပိတ်တာ၊ ခိုးသွားတဲ့ကုန်ကားတွေရှိတော့ စစ်တပ်က ပိုပြီးစစ်ကြောင်းထိုးလာတာ၊ အခုက ဖြတ်လို့ကို လုံးဝမရတော့တာ။ ဆေးခန်းပြဖို့ ရက်ချိန်းပြည့်တာတောင် သွားပြလို့မရဖြစ်နေတယ်။ တောင်ကြီးကို ဆေးခန်းသွားပြရမယ့် လွိုင်ကော်က လူတွေတောင် လမ်းပိတ်ထားလို့ ပြန်လှည့်ရတယ်၊ တောင်ငူဘက်ကနေ ပတ်သွားရမှာပေါ့၊ သေမယ့်လူနာသာဆိုရင် သေပြီ” ဟု ၎င်းက ဆိုသည်။

ဒီ့အပြင် ဒီးမော့ဆိုအနောက်ခြမ်းနှင့် ဒီးမော့ဆိုအရှေ့ခြမ်းမှ ကုန်စည်များ ဖလှယ်ခြင်းနှင့် တင်ပို့ခြင်းများ မပြုလုပ်နိုင်တော့သဖြင့် ကုန်စည်ပြတ်လပ်မှုများနှင့် ကုန်စျေးနှုန်းတက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ပိတ်မိနေသူ ၅၀ ဦးထက်မနည်းရှိကြောင်း ဒီးမော့ဆိုအနောက်ခြမ်းနေ ဒေသခံတစ်ဦးက ပြောကြားသည်။

“အခုက အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဖြတ်မရတော့ နေရပ်မပြန်နိုင်ဘဲ အသိတွေ၊ အမျိုးတွေဆီမှာ နေနေရတာပေါ့။ သူများနေရာဆိုတော့ ကိုယ့်အိမ်မှာလို မဟုတ်ဘူးလေ၊ အစစအရာရာ ကျဉ်းကြပ်သလို အလုပ်တွေလည်း ပျက်တယ်၊ ပိုက်ဆံလည်း ပိုကုန်တာပေါ့။ လမ်းမှာ စစ်သားတွေရှိတော့ သေမှာကြောက်တာနဲ့ ဘယ်သူမှ မသွားရဲကြဘူး။ မိုင်းထောင်ထားမှာလည်း ပူရတာကိုး” ဟု ၎င်းက ပြောကြားသည်။

KNDF တပ်မှ အရေးပေါ်အခြေအနေ စတင်သတ်မှတ်သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပင် နေရပ်ပြန်ကာ ပစ္စည်းယူသည့် လောဂျစ်ခူရွာအုပ်စု၊ ဒေါရှီးခူရွာနေ ဒေသခံ ၃ ဦးအား စစ်ကော်မရှင်တပ်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း မြေပြင်အခြေစိုက် KA တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သူတို့က အပေါ်ရွာ၊ အောက်ရွာမှာ နေတာ တစ်လလောက်ရှိပြီဆိုတော့ ရွာသားတွေဆိုရင် မပစ်ဘူးအထင်နဲ့ ပစ္စည်းပြန်ယူတာ၊ အဲ့ဒါ စစ်ကောင်စီတပ်နဲ့တွေ့တော့ လိုက်ပစ်တာ၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ပေါင်တွေမှာ ကျည်ထိမှန်သွားတယ်။ တားနေတဲ့ကြားက ရန်သူကို လျော့တွက်ပြီး သွားတာ၊ သူတို့မြင်နေရတဲ့ ရွာသားတွေမို့လို့ မသေတာ။ ကံကောင်းတယ်လို့ ပြောရမယ်” ဟု ၎င်းက ဆိုသည်။

ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးပေါ်သို့ ပြန်လည်ဖြတ်သန်းနိုင်ပါက ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဓိက လူထုကို သိစေချင်တာက ထုတ်ပြန်ထားတဲ့ အဲ့ဒီလမ်းသွယ်၊ လမ်းမကြီး ဘာတစ်ခုမှ သုံးလို့မရတော့ဘူး။ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး စစ်ကောင်စီက အဲ့ဒီလမ်းကြောင်းပေါ် ရောက်လာပြီဆိုတဲ့ အခြေအနေမျိုး ဖြစ်တယ်။ နောက်တစ်ခုက လောလောဆယ်တော့ ရက်ကြာမယ်ထင်တယ်၊ အဲ့ဒီတော့ တကယ်လို့ သွားလာလို့ရမယ့် အနေအထားမျိုး ရောက်လာရင်တော့ လူထုကို အသိပေးတာမျိုး လုပ်ပါမယ်” ဟု ၎င်းက ပြောကြားသည်။

KNDF တပ်ဖွဲ့မှ အထက်ပါ လမ်းမကြီးများအား အရေးပေါ်အခြေအနေအဖြစ် နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့သော်လည်း ကုန်ကားများနှင့် ခရီးသည်ပို့ဆောင်သူများ၏ လိမ်လည်မှုများကြောင့် ငွေကြေးထိခိုက်နစ်နာသည့် ဒေသခံ ၂၀ ဦးထက်မနည်းရှိပြီး လမ်းခုလတ်မှ လှည့်ပြန်ခဲ့ရကြောင်း MPA က စုံစမ်းသိရှိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်မှ ဒေသခံပြည်သူများအား တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်း မပြုနိုင်စေရန် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ကင်းပုန်းချစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကနဦး သတိပေးထားပြီးဖြစ်ကြောင်း သိရသည်။