နျူကလီးယားထိပ်ဖူးများ ပစ်ခတ်နိုင်သည့် ဧရာမဘက်စုံသုံး ဒုံးပစ်လောင်ချာစနစ်အား ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် မြောက်ကိုရီးယားက တရားဝင်ထုတ်ဖော်ပြသလိုက်သည်။
ယင်းအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကင်ဂျုံအန်းက ယခု ၆၀၀ မီလီမီတာ ဘက်စုံသုံး ဒုံးပစ်လောင်ချာစနစ်မှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ထူးခြားသည့်စနစ်ဖြစ်ကြောင်းနှင့် မဟာဗျူဟာမြောက် အထူးတိုက်ခိုက်မှုများအတွက် သင့်တော်ကြောင်း ပြောကြားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။
‘မဟာဗျူဟာမြောက် အထူးတိုက်ခိုက်ခြင်း’ ဆိုသည်မှာ နျူကလီးယားအသုံးပြုခြင်းကို ရည်ညွှန်းလေ့ရှိသော အသုံးအနှုန်း ဖြစ်သည်။
ယခုလက်နက်စနစ်မှာ ရန်သူများကို “ဟန့်တားရန်” အတွက်သာ ဖြစ်သည်ဟု အခိုင်အမာဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှာ မြောက်ကိုရီးယား၏ အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
“ဒီလက်နက်ကို တကယ်တမ်း အသုံးပြုလိုက်ပြီဆိုရင် ဘယ်လိုအင်အားမျိုးကမှ ဘုရားသခင်ရဲ့ အကာအကွယ်ကို မျှော်လင့်နိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လက်နက်တစ်ခုပါပဲ” ဟု ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြသည်။
ပြီးခဲ့သည့်လက ကင်ဂျုံအန်းသည် ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ ယင်းလက်နက်များကို တောင်ကိုရီးယားအား တိုက်ခိုက်ရန်အတွက် အသုံးပြုလာနိုင်ကြောင်း တောင်ကိုရီးယားအရာရှိများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။ ဆိုးလ်မြို့တော်သည် နှစ်နိုင်ငံနယ်စပ်နှင့် အနီးဆုံးနေရာတွင် ကီလိုမီတာ ၅၀ (မိုင် ၃၀) အောက်သာ ကွာဝေးသည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် တရားဝင် ငြိမ်းချမ်းရေး ယူထားခြင်းမရှိသေးဘဲ စစ်ပွဲဖြစ်ပွားပါက ၎င်း၏ များပြားလှသော အမြောက်တပ်အင်အားဖြင့် အလုံးအရင်း တိုက်ခိုက်ခြင်းတို့ လုပ်လာနိုင်သည်။
မြောက်ကိုရီးယားသည် မကြာသေးမီနှစ်များအတွင်း ဒုံးကျည်စမ်းသပ်မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ၎င်းတို့အနေဖြင့် တိကျစွာတိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်၊ အမေရိကန်နှင့် တောင်ကိုရီးယားကို စိန်ခေါ်ရန်နှင့် ရုရှားနိုင်ငံသို့ တင်ပို့ခြင်းမပြုမီ လက်နက်များကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
မြောက်ကိုရီးယားသည် ၎င်းတို့၏ အာဏာရပါတီညီလာခံကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းမှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်။ အဆိုပါညီလာခံတွင် စီးပွားရေးမူဝါဒများအပြင် ကာကွယ်ရေးနှင့် စစ်ရေးစီမံကိန်းများကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
