ထောက်ပို့လုပ်နေသည့် ဂျပန်ရောက် ဗိုလ်နဂါးညီကို BC ပြုလုပ်ရန် ဂျပန်ရောက် မြန်မာများ တောင်းဆိုနေ

ဓာတ်ပုံ-လူမှုကွန်ရက်

BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် တော်လှန်ရေးကို သစ္စဖောက်ပြီး စစ်ကော်မရှင်ပူးပေါင်းခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် နေထိုင်သည့် ၎င်း၏ညီလင်မယားoလက်နက်ချ အလင်းဝင်သွားသည့်ဖြစ်စဉ်နှင့်အတူ နောက်ဆက်တွဲအနေဖြင့် ဂျပန်နိုင်ငံတွင်ရှိနေသော ၎င်း၏ညီဖြစ်သူအပေါ် တော်လှန်ရေးအလှူငွေများ အလွဲသုံးစားလုပ်သည်ဟူသော စွပ်စွဲချက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ဗိုလ်နဂါး၏ ညီဖြစ်သူသည် ယခင်က ဂျပန်နိုင်ငံတွင် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေး (Kaigo) အလုပ်ဖြင့် ရိုးရိုးသားသား ရုန်းကန်နေရသူဖြစ်သော်လည်း၊ တော်လှန်ရေးစတင်ချိန်မှစ၍ တေးဂျူး (Teiju) ဗီဇာ(ဂျပန်အစိုးရက သတ်မှတ်ထားသည့် ဒုက္ခသည်များအတွက် ထုတ်ပေးသည့် ဗီဇာ)ကို တော်လှန်ရေးလုပ်ဆောင်သူအဖြစ် အကြောင်းပြကာ ရယူထားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအစောပိုင်းကာလများတွင် ဗိုလ်နဂါး၏ညီဖြစ်သူသည် ဘဏ္ဍာထိန်းအဖြစ် တာဝန်ယူခဲ့ပြီး၊ နိုင်ငံတကာမှ စီးဆင်းလာသော အလှူငွေများကို ၎င်းမှတစ်ဆင့် ကိုင်တွယ်ခဲ့ရာမှ ထိုငွေအချို့ကို ဂျပန်နိုင်ငံတွင် ပိုင်ဆိုင်မှုများအဖြစ် လွှဲပြောင်းရယူထားခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

“ယူထားတာက စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံအခြေနေအရ မြန်မာပြည်ပြန်လို့မရပါဘူးဆိုတဲ့ ဗီဇာယူထားတာဆိုတော့ ဘယ်လိုစိတ်၊ ဘယ်လိုရပ်တည်ချက်နဲ့ ဒီဗီဇာနဲ့ ဆက်နေမလဲတော့ သိချင်တာပါပဲ။ ပြီးတော့ အဖိနှိပ်ခံမြန်မာနိုင်ငံသားအားလုံးအပေါ် အခုလက်ရှိမှာရော ဘယ်လိုစိတ်ထားလဲဆိုတာ သိချင်မိတာပါပဲ” ဟု ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်။

ယခင်က ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရသူဖြစ်သော်လည်း တော်လှန်ရေး ၂ နှစ်တာကာလအတွင်း လင်မယားနှစ်ယောက်လုံးသည် ဂျပန်နိုင်ငံတွင် တိုက်နှင့် ကားနှင့် ခမ်းနားစွာ နေထိုင်လာနိုင်သည့်အပြင် မြန်မာနိုင်ငံအတွင်း၌လည်း အိမ်ခြံမြေများ အများအပြား ဝယ်ယူထားနိုင်ခဲ့သည်ဟု ဗိုလ်နဂါး၏ ညီလင်မယားနှင့် ပတ်သက်သည့် အခြေအနေကို ဂျပန်ရောက် မြန်မာလူမျိုးများ စုံစည်းရာ Facebook Group တွင်ရေးသားထားသည်။

ယခုကဲ့သို့ အခြေအနေများနှင့် ပတ်သက်ပြီး ဗိုလ်နဂါး ညီ၏ ဇနီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် “Accလဲမဖြတ်ဘူး Lockလဲမချဘူး။ ကြည့်ချင်တဲ့သူကြည့်လို့ရအောင်ထားပေးထားတယ်။ ပြောနေကြတဲ့သူတွေလဲအပစ်မမြင်ရက်ဘူး။ ကိုယ်ဆိုလဲပြောမိမှာဘဲ။ အခုထိလဲမယုံကြည်နိုင်သေးဘူး။ လက်လဲလက်မခံနိုင်သေးဘူး။ မိသားစုဝင်တွေလဲအခုထိစိတ်ပူနေရတုန်းဈ ကိုယ်ကတော့ရှင်းပါတယ် ။ စကားတွေအများကြီးမပြောဘူးတစ်ခွန်းထဲပြောမယ်။ “ကိုယ့်လိပ်ပြာကိုယ်လုံတယ်” ကိုယ်ကရွေးခွင့်မှမရှိတာ၊ ဘာ့ကြောင့်အဲ့လောက်ထိဖြစ်စေတာလဲ၊ ဘာ့လို့လဲ၊ တကယ်လား၊ ဟုတ်ရောဟုတ်ပါ့မလား၊မေးခွန်းပေါင်းများစွာနဲ့ Fighting ပါကိုကို မင်းဘေးနားမှာငါအမြဲရှိနေမှာ” ဟု ရေးသားထားသည်။

၎င်းတို့လင်မယားသည် အနီးနားရှိ တော်လှန်ရေးလုပ်ဆောင်သူများကိုလည်း စိတ်သဘောထား ကောင်းမွန်ယောင်ဆောင်ကာ အယုံသွင်းထားခဲ့ပြီး၊ ၎င်းတို့၏ စည်းစိမ်များမှာ Kaigo အလုပ် သို့မဟုတ် ကားစက်ရုံအလုပ်မှရသော ဝင်ငွေဖြင့် မည်သို့မျှ မဖြစ်နိုင်ကြောင်း ဝေဖန်မှုများ မြင့်တက်နေသည်။

“သူတို့လင်မယားကို BC လုပ်ကိုလုပ်ရမယ်။ တော်လှန်ရေးအပေါ် သစ္စာဖောက်တဲ့သူအသိုင်းအ၀ိုင်းမှန်သမျှ BC လုပ်ရမှာ” ဟု ဂျပန်ရောက် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

တော်လှန်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေးဗီဇာ ရယူထားပြီး သိန်းသောင်းချီသော ချမ်းသာကြွယ်ဝမှုများကို တရားဝင် ဝင်ငွေပြနိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့လင်မယားအား ဂျပန်ရောက် မြန်မာများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြခြင်းဖြစ်ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးကို အသုံးချကာ ကိုယ်ကျိုးရှာနေသည့် ၎င်းတို့အား လူမှုကွန်ရက်နှင့် လူထုကြားတွင် အပြစ်ပေးသည့်အနေဖြင့် ဝိုင်းဝန်း (Boycott) ကြရန် တောင်းဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေသည်။

ယခုအခါ ၎င်းတို့၏ လုပ်ရပ်များကို တဖြည်းဖြည်းချင်း ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ပြီး၊ ၎င်းတို့နှင့် ငွေလွှဲဖူးသူများအနေဖြင့်လည်း အဖြစ်မှန်ကို ဝိုင်းဝန်းသက်သေပြကြရန်နှင့် တရားမျှတမှုအတွက် အတူတူ ရပ်တည်ကြရန် ဂျပန်ရောက် မြန်မာများက နှိုးဆော်ထားသည်။