ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများ မြို့ထဲ၌ ညပြန်မအိပ်ရဲသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ရက်က ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ငြိမ်းချမ်းသာယာ (ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းတိုက်ပွဲပြီးသည့်နောက် တိုက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိတော့သော်လည်း စစ်တပ်က ဖားကန့်မြို့သို့ လက်နက်နှင့် စစ်ကူများပို့ဆောင်ကာ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
” ၁၇ရက်နေ့က ကာမိုင်းကနေ ဖားကန့်ကို စစ်ကြောင်းတက်လာတာက မနေ့ညနေလောက်က ရောက်တယ်။ ရိက္ခာ၊ ကျည်၊ ခဲယမ်း ပို့ဆောင်တာလို့ သိရတယ်။ ဒီကာမိုင်း-ဖားကန့်လမ်းကြောကနေ စစ်တပ်က လွယ်လင့်တကူ စစ်ကူပို့ရနေတဲ့အတွက် သူတို့ဘက်က တပန်းသာနေတယ်ပြောရမယ်။ လုံးခင်းနယ်မြေရဲစခန်းကိုရောက်နေတဲ့ မြောက်ကုန်းက စစ်ကြောင်းကတော့ မြောက်ကုန်းကိုပြန် သွားပြီ။ ညဘက်တွေတော့ ကင်းပုန်းထွက်ဝပ်တယ်။ မြောက်ကုန်းက လုံးခင်းရဲစခန်းရှိတဲ့ ငြိမ်းချမ်း သာယာနဲ့ ကပ်လျက်ရှိတာ။ ဆိုင်ကယ်နဲ့ဆို ၅မိနစ်မကြာဘူး” ဟု ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ် က MPA ကို ပြောသည်။
ထို့ပြင် ဖားကန့်ဗျူဟာကုန်း၏ ကာကင်းအဖြစ် မြို့အထွက်ရှိ နမ္မဖြစ်ကျေးရွာ၊ နဂါးရုံဘုရားဝင်းထဲ တွင်လည်း စစ်သားများ တပ်ဖြန့်ထားကြောင်း သိရသည်။
” ပြည်သူတွေက အိမ်ကိုတော့ ပြန်လာလာကြည့်ကြတယ်။ နေ့ခင်းနေပြီး ညဘက်တော့ တခြားမှာ အိပ်ကြတယ်။ စစ်ရေးမငြိမ်သေးတော့ အိမ်မပြန်ရဲကြသေးဘူး။ တိုက်ပွဲတော့ ထပ်မဖြစ်သေးဘူးဆို ပေမဲ့ လုံးခင်းတိုက်ပွဲပြီးတဲ့နောက်ရက်မှာ တော်လှန်ရေးဘက်က တပ်ဖြန့်ထားတဲ့စစ်သားတွေဆီ ဒရုန်းချတာလည်းရှိတယ်။ စစ်တပ်ဗျူဟာကုန်းကလည်း လက်နက်ကြီးနဲ့ ထုနေတာလည်းရှိတော့” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၇ရက်က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ဆုတောင်းကုန်းအနီးရှိ စစ်ရှောင်နေ ကြသည့် ပြည်သူများ၏ နေအိမ်ကို စစ်တပ်က ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူခဲ့ကြောင်း ၎င်းကပြောသည်။
ဇန်နဝါရီ ၃၀ရက်ကစ၍ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် သီလရှင်ကုန်းမှ စစ်တပ်က နယ်မြေများ ပြန်လည်ရယူရန် စတင်စစ်ကြောင်းထိုးလာရာမှ ဖေဖော်ဝါရီ ၁၄ရက်အထိ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကေအိုင်အေပူးပေါင်းတပ်၏ ခုခံမှုကြောင့် စစ်တပ်က ရှေ့ မတိုးနိုင်သည့်အပြင် လုံးခင်းနယ်မြေရဲစခန်း ဖျက်ဆီးခံခဲ့ရကာ အမှိုက်ပုံကျေးရွာရှိ စစ်တပ်စခန်းကို လည်း လက်လွှတ်ခဲ့ရသည်။
ဖေဖော်ဝါရီ ၃ရက်က အမှိုက်ပုံကျေးရွာကို ကေအိုင်အေပူးပေါင်းတပ်က ပြန်လည် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ယင်းရွာသည် ဖားကန့်ဗျူဟာကုန်း၏ အနောက်ဘက် တောင်ပေါ်ရှိ ကျေးရွာတစ်ရွာဖြစ်ကာ ယနေ့ ( ဖေဖော်ဝါရီ ၁၉ရက် ) အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။
