နဂါးနှင့်အဖွဲ့ လက်နက်ချသွားပြီးနောက် ပုလဲမြို့ပေါ်မှ စစ်သားများ စစ်ကြောင်းထိုးလာသဖြင့် ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ရွာ၆ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ပုလဲမြို့တွင်းမှ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ပုလဲမြို့ အနောက်ဘက်ရှိ ပုလဲ-ဂန့်ဂေါ လမ်းမတစ်လျှောက်သို့ စစ်ကြောင်း ထိုး လာခြင်းဖြစ်ပြီး ယင်းလမ်းတစ်လျှောက်ရှိ မြကုန်း ၊ သေတ္တရာ ၊ စေတီယုံ ၊ ကျွန်းဘိုကုန်း ၊ ကုက္ကိုလ်ကုန်းနှင့် လက်ပုကန်ကျေးရွာမှ ပြည်သူများ စစ်ရှောင်နေရကြောင်း ဒေသခံအချို့ထံက သိရသည်။
“ပုလဲမြို့ပေါ်က ဘောလုံးကွင်းထဲမှာ အင်အား ၂၀၀ လောက်ရှိတယ်။ တန်းစီပြီးတော့ ထွက်လာတာ။ အခု မြို့စွန်က သစ်တောရုံးဘက်ကနေ မြကုန်းဘက်ကို ထွက်လာနေပြီ။ တစ်ကြောလုံးကို အနှံ့ ဖြန့်ထိုးမလားတော့ မသိဘူး။ လေကြောင်းလည်း စိတ်ပူရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် MPA သို့ပြောသည်။
ယင်းစစ်ကြောင်းတွင် လက်နက်ချ BNRA တပ်သားအချို့လည်း လိုက်ပါလာကြောင်း သိရသော် လည်း အတည်ပြုနိုင်ခြင်းမရှိပေ။
ယနေ့ နံနက်ပိုင်းတွင် ပုလဲမြို့ပေါ်သို့ MI 17 လေယာဉ်ဖြင့် စစ်သား ပို့ဆောင်ခဲ့သေး ကြောင်း သိရသည်။
“ရွာတွေထဲတော့ ရှောင်တဲ့သူလည်း ရှိသလို မရှောင်ကြတဲ့ သူတွေလည်း ရှိတယ်။ ကျမတို့ကတော့ ရှောင်ခဲ့ပြီ။ ရှောင်ပြီး သိပ်မကြာဘူး။ ကုက္ကိုလ်ကုန်းကို ဝင်တယ်ကြားတယ်။ ဘယ်ကိုဆက်ထွက်မလဲ မသိလို့ စိတ်တော့မချရသေးဘူး”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ တောတိုက်များနှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ရှောင်နေရသည်။
