မကွေးတိုင်း၊ ငဖဲဖြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း ကားကင်းစခန်းမှ စစ်မှုထမ်းတပ်သားများကို လစာအပြည့်မပေးသလို ငွေလည်း ပေးမကိုင်ကြောင်းသိရသည်။
နတ်ရေကန်ဗျူဟာကုန်း ကားကင်းစခန်းတစ်ခုဖြစ်သည့် ငဖဲမြို့နယ်၊ ပဒီရွာအနီးရှိ ၇မိုင်ကုန်းစခန်းမှ အလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားများက အထက်ပါအတိုင်းပြောကြောင်း CHIN DEFENCE FORCE – ASHOထံက သိရသည်။
” အဓိကက ငွေပေးမကိုင်ဘူးဆိုတဲ့ ကိစ္စက ဒီပြည်သူ့စစ်(စစ်မှုထမ်းတပ်သား) တော်တော်များများကို ပါ။ အယောက် ၃၀လောက်ရှိတယ်ဆိုရင် သန္ဓေ(စစ်သားဟောင်း)က ၂ယောက်လောက်ပဲ ပါတယ်လို့ ပြောပါတယ်” ဟု CHIN DEFENCE FORCE- ASHO မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက MPA သို့ပြောသည်။
ဖေဖော်ဝါရီ ၁၄ရက်တွင် ၇မိုင်ကုန်းစခန်းမှ စစ်မှုထမ်းတပ်သားသန့်ဇင်ဝင်း၊ ဟိန်းထက်အောင်နှင့် သဲဇော်အောင်တို့ လက်နက်များနှင့်တကွ အလင်းဝင်လာကြောင်း CHIN DEFENCE FORCE – ASHO က သတင်းထုတ်ပြန်သည်။
” သူတို့က ကျနော်တို့ကို ကြီးနိုင်ငယ်ညှဉ်းလုပ်တာတွေရှိပါတယ်။ ပြီးလို့ရှိရင် လစာလည်း အပြည့် အဝ ထုတ်ပေးတာမျိုးလည်းမရှိဘူး။ ပြီးလို့ရှိရင် လက်ထဲမှာ ကျနော်တို့ကို ငွေသားကိုင်ဆောင်ခွင့် မပေးဘူးဗျ။ အဲ့ဒါပြီးလို့ရှိရင် ကျနော်တို့ ဒီ အစားအသောက်နဲ့ပတ်သက်ပြီးတော့လည်း အဆင်မပြေ ဘူးဗျ။ အဲ့ကိစ္စအားလုံးနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ ဒီဘက်ကို ဘက်ပြောင်းပြီးတော့ လာရောက် ပြီးတော့ အလင်းဝင်တာဖြစ်ပါတယ်” ဟု တပ်သား သန့်ဇင်ဝင်းကပြောသည်။
ယင်းတပ်သား ၃ဦးသည် အလုပ်မှ အိမ်သို့ အပြန်တွင် ပေါ်တာဆွဲခံလိုက်ရပြီး ကျိုင်းတုံမြို့၊ အမှတ် ၁၁သင်တန်းကျောင်း၌ စစ်သင်တန်းတက်ခဲ့ရကာ မိုင်းပန်မြို့အခြေစိုက် အမှတ် ၁၇စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ ၁၇) လက်အောက်ခံ ခမရ ၅၂၀တပ်ရင်းသို့ရောက်ပြီး ၂ပတ်အကြာတွင် ရှေ့တန်းပို့ခံရခြင်းဖြစ်ကြောင်းသိရသည်။
” သင်တန်းဆင်းပြီးတော့ ၂ပတ်မြောက်မှာပေါ့နော်။ အဲ့ ၂ပတ်မြောက်ပြီးတာနဲ့ ကျနော်တို့ ကို ပဒါန်းနဲ့ ပဇီရွာကြားကို တန်းပြီး ပို့လိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတပ်သား ၃ဦးနှင့်အတူ MA2 သေနတ်နှစ်လက်၊ MA 1တစ်လက်နှင့် ကျည်အချို့ပါလာ ကြောင်းသိရသည်။
” ဆုကြေးငွေချီးမြှင့်တာ အရင်ရှေ့ကဝင်လာတဲ့ အလင်းဝင်တွေကိုလည်း ချီးမြှင့်လေ့ရှိပါတယ်။ ဒါပေမဲ့၊ ခုလတ်တလောတော့ ကျနော်တို့ ချီးမြှင့်တာတော့ မလုပ်ရသေးပါဘူး။ ဒါပေမဲ့၊ ဆုကြေးငွေ ကလည်း များပြားတဲ့ ပမာဏမဟုတ်ပါဘူး။ မုန့်ဖို့လောက်ပါပဲ ချီးမြှင့်တာမျိုးပါ” ဟု ဆလိုင်းရိုးချင်းက ပြောသည်။
ဇန်နဝါရီ ၂၈ရက်ကလည်း နတ်ရေကန်ဗျူဟာကုန်းမှ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CHIN DEFENCE FORCE – ASHO က သတင်းထုတ်ပြန်ထားသည်။
