ရန်ကုန်တွင် ညဘက် လမ်းဘေးထိုင်နေသော လူငယ်များ စစ်တပ်လက်ချက်ကြောင့် ဘဝပျက်

ဓာတ်ပုံ - MPA

ရန်ကုန်မြို့တွင် ညအချိန် လမ်းဘေးထိုင်နေသော လူငယ်များကို အရက်၊ဘီယာ သောက်နေသည်ဆို သော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း Rangoon Scout Network-RSN ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖေဖေါ်ဝါရီ၁၈ရက်၊ ၁၇ရက်၊၁၆ရက်နှင့် ၁၃ရက်တို့တွင် မြောက်ဒဂုံ၊ ဗဟန်းမြို့နယ်အတွင်းရှိ လူငယ် ၁၃ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်သည်။

“ခုနောက်ပိုင်း လမ်းဘေး အရက်၊ဘီယာ သောက်နေတဲ့သူတွေ၊ ဝယ်ပြီး လမ်းလျှောက်ပြန်နေတဲ့ သူတွေချည်း ဖမ်းခံနေရတာတွေ့ရတယ်ဗျ။ အဲဒါတွေကို ပိုပစ်မှတ်ထားပြီး ဆွဲလာပုံရပါတယ်။ အကြောင်းပြချက်မပေးဘဲ ဆွဲတာတွေ၊ အိမ်ထဲထိ စာရင်းအတိအကျနဲ့ ဝင်ဆွဲတာတွေလည်း ရှိပေမဲ့ ခုနောက်ပိုင်း သိပ်မသိရသေးပါဘူးဗျ”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ဖေဖေါ်ဝါရီ၁၈ရက်၊ည၈နာရီခန့်က မြောက်ဒဂုံ၊၄၀ရပ်ကွက်၊ဗိုလ်ဂါမဏိလမ်းထိပ်တွင် ထိုင်နေသော လူငယ်တစ်ဦး ကို စစ်တပ်က ကားပေါ်ဆွဲတင်သွားခဲ့ကြောင်း ဖေဖေါ်ဝါရီ၁၇ရက်၊ည၇နာရီကျော်တွင် ဗဟန်းမြို့နယ်၊ဆရာစံမြောက်အရှေ့ရပ်ကွက်ထဲသို့ စစ်သားများ ကားဖြင့် ဝင်လာပြီး လူငယ်၆ဦးကို လမ်းဘေး၌ အရက်သောက်နေသည်ဟုဆိုကာ ဖမ်းဆီးသွားကာ ၃ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း RSN က ထုတ်ပြန်ထားသည်။

“လမ်းမပေါ် ဖမ်းတာတွေမှန်သမျှကို ဖမ်းပြီးရင် ငွေညှစ်တယ်။ငွေမရရင် စစ်မှုထမ်းဈေးကွက်ထဲ ပို့ တာချည်းပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။

ဖေဖေါ်ဝါရီ၁၃ရက်၊ည၈နာရီခွဲခန့်တွင်လည်း မြောက်ဒဂုံ၊၄၈ရပ်ကွက်၊ဗထူးအိမ်ရာဘေး၊ဘုရင့်နောင် လမ်းပေါ်ရှိ ဘီယာဆိုင်ရှေ့၌ ဘေးတွဲမောင်းသမား၄ဦး ရှိနေစဉ် ထားဝယ်ချောင်ရဲစခန်းမှ တပ်ကြပ် ကြီး မင်းစိုးနှင့်အဖွဲ့ ရောက်လာကာ အရက်သောက်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ကျပ်၃သိန်းတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း RSN က ထုတ်ပြန်ထားသည်။

“ကျနော်က ကိုယ်သိတာမြင်နေတာတွေကို လူငယ်လေးတွေ ဒုက္ခမရောက်စေချင်လို့ သားသမီးချင်း ကိုယ်ချင်းစာပြီး မီဒီယာကို ကြောက်ကြောက်နဲ့ပြောပြနေတာပါ။ လူငယ်တွေ သတိထားကြပါ။ရန် ကုန်မှာ အမှန်တကယ် ပေါ်တာဆွဲနေပါတယ်။စစ်တပ်ထဲရောက်ရင် မသေရင်တောင် ဘဝပျက်ပါ မယ်။မိဘတွေလည်း မပေါ့ကြပါနဲ့။ကိုယ့်သားသမီးကို ညဘက် အပြင်လုံးဝမထွက်စေပါနဲ့”ဟု ရန် ကုန်မြို့ရဲသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

ဖေဖေါ်ဝါရီ၉ရက်မှ ၁၅ရက်အတွင်း တောင်ဒဂုံ၊မြောက်ဒဂုံ၊ တာမွေ၊စမ်းချောင်းနှင့် ကမာရွတ်မြို့နယ် တို့တွင် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၆ ဦး၊ အကင်ဆိုင်၌အကင်ဝယ်နေစဉ် ဖမ်းဆီးခံရသူ ၇ ဦး၊ ဆိုင်သိမ်းနေစဉ်ဖမ်းဆီးခံရသူ တစ်ဦး၊ ကားမှတ်တိုင်၌ ရှိနေစဉ်ဖမ်းဆီးခံရသူ တစ်ဦးနှင့် လမ်းပေါ် သွားလာနေစဉ်ဖမ်းဆီးခံရသူ ၄ ဦး စုစုပေါင်း ၁၉ဦးရှိကြောင်း RSN က ထုတ်ပြန်ထားသည်။