UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း သက်တမ်းဆွဲဆန့်ရန် နိုင်ငံတော်ပေါ်လစီကို အကြောင်းပြဟုဆို၊ အသင်းအတွင်း အာဏာရှင်ဆန်သည့် လုပ်ရပ်များအပေါ် မကျေနပ်မှုများ ရှိလာ

ဓာတ်ပုံ-UMFCCI
ပုံစာ-UMFCCI ဥက္ကဌ ဦးအေးဝင်းအားတွေ့ရစဉ်

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအေးဝင်းက ၎င်း၏ ရာထူးသက်တမ်းကို ၂၀၃၀ ပြည့်နှစ်အထိ ဆက်လက်ရယူမည့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ အသင်းအတွင်းပိုင်းတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ယင်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

အသင်း၏ လုပ်ထုံးလုပ်နည်းအရ ဦးအေးဝင်းသည် ယခုသက်တမ်း (၂၀၂၅-၂၀၂၈) အပြီးတွင် ရာထူးမှ အနားယူရမည် ဖြစ်သော်လည်း ၎င်းက ရာထူးမှ ဆင်းပေးလိုခြင်းမရှိဘဲ နိုင်ငံတော်ပေါ်လစီနှင့် ကိုက်ညီအောင် လုပ်ဆောင်ရမည်ဟု အကြောင်းပြကာ ၂၀၃၀ အထိ သက်တမ်းတိုးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

အသင်းအတွင်းပိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ အခြားသော အလုပ်အမှုဆောင်များက အဆိုပါကိစ္စကို မဲခွဲဆုံးဖြတ်စေချင်သော်လည်း ဦးအေးဝင်းက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိနေခြင်းကြောင့် ကျန်ရှိသည့် အမှုဆောင်များမှာ မကျေနပ်သော်လည်း ပြန်လည် တုံ့ပြန်ရန် ကြောက်ရွံ့နေကြရသည့် အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

အသင်းဥက္ကဋ္ဌ၏ စီမံခန့်ခွဲမှုအောက်တွင် UMFCCI ဝန်ထမ်းများမှာလည်း အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း နီးစပ်သူများကလည်း ပြောသည်။

ပုံမှန်အားဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အလုပ်ဆင်းပါက အချိန်ပိုလုပ်ခ (OT) ပေးရသော်လည်း ယခုအခါ OT မပေးတော့သည့်အပြင် အလုပ်ချိန်များကိုလည်း ယခင်ကထက် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

“အသင်းက အရင်လို မဟုတ်တော့ဘူး။ အလုပ်ချိန်တွေ တိုးလာပေမဲ့ ခံစားခွင့်တွေ ဖြတ်တောက်ခံရတယ်။ ဥက္ကဋ္ဌက လူငယ်တွေကို နေရာပေးဖို့ထက် သူ့အာဏာ တည်မြဲဖို့ စိတ်အားထက်သန်နေတယ်” ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

နဂါးပျံလက်ဖက်ခြောက်လုပ်ငန်းနှင့် အခရာစားသောက်ဆိုင်လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ ဦးအေးဝင်းသည် စီးပွားရေးလောကတွင် ဩဇာရှိသူတစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ အသင်းချုပ်၏ အစဉ်အလာများကို ချိုးဖောက်ကာ အာဏာဆုပ်ကိုင်ရန် ကြိုးပမ်းမှုက UMFCCI ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရုံသာမက မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များအတွက် လမ်းစပျောက်ဆုံးစေသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများက ပြင်းထန်လျက်ရှိသည်။

“သူက မင်းအောင်လှိုင်က မျက်နှာပေးတာခံရတဲ့သူ။ နောက်ပြီး ဂျပန်နဲ့လည်းတော်တော်လည်း နီးနီးစပ်စပ်ရှိနေတယ်”လို့ အဆိုပါအကြောင်း သိရှိထားသည့် နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက MPA ကို ရှင်းပြသည်။

ဦးအေးဝင်းသည် အသင်းသားဘဝမှစ၍ အထွေထွေအတွင်းရေးမှူးချုပ်အထိ ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့သူ ဖြစ်သော်လည်း ၎င်း၏ လက်ရှိ ဦးဆောင်မှုအောက်တွင် အသင်းသားအများစု၏ ပါဝင်ခွင့်မှာ အားနည်းနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အသင်းဝင် နှစ်သောင်းကျော်အနက် တစ်ထောင်ကျော်သာ မဲပေးခဲ့ခြင်းကလည်း အသင်းချုပ်၏ ဦးဆောင်မှုအပေါ် အသင်းသားအများစု စိတ်ဝင်စားမှု လျော့နည်းလာခြင်း သို့မဟုတ် လက်ရှိခေါင်းဆောင်မှုအောက်တွင် အပြောင်းအလဲမရှိနိုင်တော့ဟု ယူဆနေကြခြင်းကို ဖော်ပြနေသည်။

“ဟုတ်တယ်။ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက လတိုင်းရှိတယ်။ ဒီနေ့ လုပ်တဲ့ အစည်းအဝေးမှာ သူပြောလိုက်တာပါ”ဟု အဆိုပါ အကြောင်း သိရှိထားသည့် နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ထပ်မံအတည်ပြုသည်။

လက်ရှိတွင် အသင်းသားအများစုက မကျေနပ်သော်လည်း နှုတ်ဆိတ်နေရသည့် အခြေအနေဖြစ်နေပြီး နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများတွင် ခေါင်းဆောင်မှုအပိုင်းကို သတ်မှတ်သက်တမ်းအတိုင်း အလှည့်ကျစနစ်ဖြင့် သွားလေ့ရှိသော်လည်း ယခုကဲ့သို့ သက်တမ်းတိုးရန် ကြိုးပမ်းမှုသတင်းများ ထွက်ပေါ်လာခြင်းက UMFCCI ၏ ဂုဏ်သိက္ခာနှင့် စံနှုန်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု ဝေဖန်မှုများရှိလာသည်။