စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းရှိ လက်နက်ချနဂါးတပ်သားများကို စစ်တပ်က လိုက်လံကယ်ထုတ် နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ပုလဲမြို့တွင်းမှ ထွက်လာပြီး ပုလဲ-ဂန့်ဂေါ လမ်းမတစ်လျှောက် စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းသည် နှောကန်နှင့် လက်ပုကန်ကျေးရွာကြားရှိနေစဉ် မင်းတိုင်ပင်ရွာအခြေစိုက် စစ်တပ်က လက်နက်ချ နဂါးတပ်သားများအား နှောကန်ကျေးရွာအနီးသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“နဂါးရဲဘော်တွေပါ ပါသွားတယ်၊ ခွေးစစ်ကြောင်းနဲ့။ ယုံတောင်မယုံနိုင်ဘူး။ ကိုယ်သိတဲ့လူတွေရဲ့ မျက်နှာတွေမြင်လိုက်ရတယ်။ အရင်ကတည်းက ရွာထဲ အဝင်အထွက်ရှိတဲ့သူတွေပါတော့ မျက်မှန်း တန်းမိနေတာလေ။ တော်တော်ကို စိတ်ပျက်တယ်၊ ဒေါသလည်းထွက်တယ်။ ဘယ်လိုတောင် လုပ်ရက်ကြတာလဲ မသိဘူး။ ဘာမှတော့လုပ်မသွားဘူး၊ စစ်ကြောင်းက”ဟု ဒေသခံအမျိုးသမီး တစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းနှင့်အတူ လက်နက်ချ နဂါးတပ်သား၁၅ဦးခန့် ပါသွားကြောင်း ဒေသခံအချို့က ပြော ကြားကြသော်လည်း အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်ပေ။
“၁၅ ယောက်လောက်တော့ ရှိမယ်။ ကျနော်တို့ သိတဲ့ လူတွေပါတယ်။ အင်အားကအများကြီးနဲ့မို့ မွှေတော့မယ် မှတ်တာ။ ပြီးတော့ ကိုယ့်မျက်နှာသိတွေပါသွားရော။ ချောင်းကြည့်ရတာဆိုတော့ ဒီထက်လည်းများနိုင်လောက်တယ်”ဟု ၎င်းက ဆိုသည်။
ပုလဲမြို့ပေါ်တွင် စစ်သားအင်အားဖြည့်တင်းထားခြင်းကြောင့် လက်နက်ချများ ကယ်ထုတ်ခြင်း လုပ် ငန်းစဉ်ပြီးလျှင် ယင်းလက်နက်ချများ၏ သတင်းပေး လမ်းပြမှုဖြင့် ဒေသခံများအား ဒုက္ခပေးရေး လုပ်ငန်းစဉ် စတင်လာနိုင်ကြောင်း ပုလဲအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
“လက်ရှိအချိန်ထိက ရွာတွေဘက်မှာ ပုန်းနေပြီး လက်နက်ချဖို့ စစ်တပ်ကို ချိတ်ဆက်တဲ့ကောင်တွေ ကို စစ်တပ်က လိုက်ကယ်ထုတ်ပြီး ပုလဲမြို့ပေါ်ပို့နေတဲ့သဘောပဲ။ပြီးရင်တော့ လက်နက်ချတွေကို ကောင်းကောင်း ပြန်အသုံးချနိုင်တယ်”ဟု ၎င်းက ပြောသည်။
ပုလဲမြို့မှ ထွက်လာသည့် စစ်ကြောင်းသည် ညနေ ၅ နာရီခွဲဝန်းကျင်တွင် လက်နက်ချများနှင့်အတူ ပုလဲမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
