နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများလည်း ပါ၀င်သော အမျိုးသားနှီးနှောဖလှယ်ပွဲကို နှစ်စဉ် ဆက်လက်ကျင်းပသွားမည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားအဖွဲ့အစည်းများ ပါ၀င်သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ(Karen National Consultation)ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး(ကော်သူးလေ) အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၆ ခုနှစ် ဖေဖေါ်၀ါရီ၉ရက် မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီးနောက် ကေအဲန်ယူဗဟိုက အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားရေးမျှော်မှန်းချက် နှင့် နိုင်ငံရေးရည်မှန်းချက်များ ရရှိအောင်မြင်ရေးအတွက် ကရင် အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်များတွင် နေရာဒေသအသီးသီးရှိ ကရင်အမျိုးသားအဖွဲ့အစည်းများ ပိုမိုပါ၀င်လာမှုကို လမ်းဖွင့်ထားပြီး ကျင်းပသွားမည်ဟု သိရသည်။
ယခုနှစ်ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွင် လက်ရှိနိုင်ငံရေးအခြေအနေကိုသုံးသပ်တင်ပြခြင်း နှင့် ကော်သူးလေ တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာတည်ဆောက်မှုများ နှင့် ပြည်သူ့ရေးရာ၀န်ဆောင်မှုများ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာတွင် ကေအဲန်ယူ ကိုယ်စား လှယ်(KNU Representatives)များ ခန့်အပ်ထားရှိနိုင်ရေး ၊ ပြည်တွင်း နေရပ်စွန့်ခွာ လှည့်လည်ပုန်း အောင်းထွက်ပြေးတိမ်းရှောင်နေကြရသော IDPs များနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း ပေါ်ပေါက်လာနေသော ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတို့ကို ဆန်းစစ်သုံးသပ်ခဲ့ကြကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
“နိုင်ငံတကာက ကရင်အဖွဲ့အစည်းတွေပါ ပါဝင်တဲ့ နှီးနှောဖလှယ်ပွဲကို ကေအဲန်ယူက ဦးဆောင်ကျင်း ပနိုင်တာဟာ ကေအဲန်ယူရဲ့ နိုင်ငံရေးဩဇာကြီးမှုနဲ့ ရပ်တည်ချက်ခိုင်မာမှုကို သက်သေပြနေပါတယ်။ အခုလို အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကနေ နိုင်ငံရေးသဘောထားတွေ စုစည်းနိုင်တာလည်း ကောင်းပါတယ်။အခု နွေဦးတော်လှန်ရေး၅နှစ်မှာ အဓိက ကရင်ပြည်နယ်ထဲပေါ့နော်။စစ်ရေးအောင် မြင်မှုတွေ တက်လိုက် ကျလိုက်ဖြစ်နေတာဟာ တခြား ကရင်လက်နက်ကိုင်တွေရဲ့ မူမမှန်တဲ့ ရပ် တည်ချက်တွေနဲ့ သက်ဆိုင်နေတာ အားလုံးလက်ခံမယ်ထင်ပါတယ်။အဲဒါနဲ့ပတ်သက်ပြီး အဖြေတစ်ခု ရှာနိုင်ဖို့ လိုပါမယ်”ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်း များ၊ ကေအဲန်ယူ ဗဟို နှင့် ခရိုင် ခေါင်းဆောင်များ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်၊ KNDO ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဗိုလ်၊တပ်မှူးများ နှင့် အထူးဖိတ်ကြား ထားသော ခေါင်းဆောင်ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ တက်ရောက်ခဲ့သည်။
