မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက ကေအဲန်ယူ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
လက်ရှိ စစ်ကော်မရှင်တပ် စစ်ကြောင်းသည် သိမ်ဇရပ်မြို့ရှိ ကျေးရွာများဘက်တွင် ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း အထူးတိုင်းစစ်ဌာန၊ ဒုတိယကွပ်ကဲရေးမှူး တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက MPA ကို ပြောသည်။
“ထိတွေ့မှုက အခုချိန်ထိ ဖြစ်နေတယ်၊ အဓိက သိမ်ဇရပ်ဘက်မှာ ကြမ်းနေတာပေါ့၊ အခုက ကြားဖြတ်တိုက်ခိုက်နေတာမျိုး မဟုတ်ဘူး၊ မျက်နှာချင်းဆိုင် တည့်တည့်ကြီးကို တိုက်ပွဲဖြစ်နေတဲ့ အခြေအနေပါ၊ တိုက်ပွဲပြင်းထန်နေတော့ အသေးစိတ်ကို ပြောလို့ရမသေးဘူး” ဟု ၎င်းက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် အစောပိုင်းရက်များတွင် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသေးပေ။
နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်ထိုမြို့နယ် အလူးလေး၊ ငှက်ပျောတော၊ ခရွဲ၊ ဝင်းကံ၊ မုက္ကမော့၊ ချောင်းဝ၊ စစ်ကွင်း၊ ကျောက်ရေတွင်း၊ အခိုင်၊ ပိန္နဲကုန်း အစရှိသည့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ (၁၅,၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။
ထို့အပြင် ကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များသည် ဒေသခံနေအိမ်ထဲ ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်မှုများ ရှိနေကြောင်း ကျိုက်ထိုမြို့ပေါ်တွင် စစ်ရှောင်နေသည့် အလူးလေးရွာခံတစ်ဦးက ပြောသည်။
“အရင်ရက်ကတော့ ရွာက လူတွေနဲ့ အဆက်အသွယ်ရသေးတယ်၊ အခုမရတော့ဘူး၊ တောထဲမှာပဲ စုနေကြတာများတယ်၊ ဗမာစစ်သားတွေ ရွာအနားမှာပဲ ရှိနေတာဆိုတော့၊ ပြီးတော့ တိုက်ပွဲဖြစ်နေသေးတယ်လေ၊ ပြေးနေရတဲ့ ရွာသားတွေ သူတို့မှာ စားစရာမရှိတော့ဘူး ပြောတယ်၊ သူတို့သတင်းကြားတယ်၊ ဗမာစစ်သားတွေက ရွာပြန်လာနေလို့ရပြီ ပြောတယ်တဲ့၊ အခုထိတော့ သူတို့မပြန်ရဲသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ရှောင်များသည် ကျိုက်ထိုနှင့် ပဲခူးအစပ်ရှိ ကျေးရွာများ၊ တောတောင်ဥယျာဉ်ခြံမြေများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများတို့တွင် တိမ်းရှောင်နေရသည်။
လက်ရှိ နှစ်ဖက်တိုက်ပွဲ ၁၀ ရက်ကျော်ကြာ ရှိလာပြီဖြစ်သည့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်စားသောက်ရေးတို့အပြင် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလို စစ်ဘေးရှောင်များ ထွက်ပြေးနေချိန်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ပြည်သူလူထုနေအိမ်များကို ဖောက်ထွင်းမွှေနှောက်ကာ ငွေသားများ၊ ဆိုင်ကယ် ၁၅ စီး၊ ဖုန်း၊ အိမ်အသုံးအဆောင်ပစ္စည်းမျိုးစုံကို ခိုးယူသွားသည့်အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU (ဗဟို) က သတင်းထုတ်ပြန်ထားသည်။
“ဆက်သွယ်လို့ရသလောက်ကတော့ အကူအညီတွေ ပေးနေတယ်၊ အခုက အရမ်းပူတယ်လေ၊ ရေသန့်တွေ အမိုးအကာတွေ လိုအပ်တယ်၊ ကလေး၊ လူကြီးလည်း များတယ်၊ လိုအပ်ချက်က အများကြီးပဲပေါ့၊ စစ်တပ်ကလည်း ခြိမ်းခြောက်ထားတယ်လေ၊ အိမ်မပြန်ရင် အကုန်မီးရှို့မယ်” ဟု KNU တပ်မဟာ (၁) သထုံခရိုင်အတွင်း စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
KNU ထုတ်ပြန်ချက်အရ စစ်တပ်လက်ချက်ဖြင့် စစ်ကွင်းရွာ အသက် (၆၀) ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးနှင့် မုက္ခမော့ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အခိုင်ရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ဆယ်ကျော်သက်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်။
“ပစ်ခတ်မှုက လက်နက်ကြီး၊ ဒရုန်းအပြန်အလှန် သုံးနေကြတယ်၊ တစ်နေရာတည်းမှာ ဖြစ်နေတာ မဟုတ်ဘူး၊ အခုထိ ဖြစ်နေတုန်းပါ၊ အထိအခိုက်ကတော့ နှစ်ဖက်စလုံးမှာ ရှိနေတယ်၊ ဟုတ်တယ်၊ အခုသူတို့ စစ်ကြောင်းက ရွာထဲရောက်နေတာ ရှိတယ်၊ ရွာသားတွေကို သတ်ဖြတ်နေတာ ရှိတယ်” ဟု ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ဒုတိယအပတ်ကတည်းက ကျိုက်ထိုမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်တွင် ဗိုလ်မှူး အောင်ဇော်မိုး ဦးစီးပြီး ခမရ-၂ ၊ ခလရ-၈ နှင့် ပူးပေါင်းစစ်ကြောင်းမှ အင်အား ၃၀၀ ကျော်ပါဝင်ပြီး စစ်ကြောင်းခွဲကာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေသည်ဟု KNU က အသိပေးထားသည်။
