၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်မရလျှင် အခြေအနေဆိုးများ ကြုံတွေ့ရမည်ဟု ထရမ့်က အီရန်ကိုသတိပေး

ဓာတ်ပုံ - US Navy
ပုံစာ - အမေရိကန်ရေတပ်၏ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford (CVN 78) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန် ဗာဂျင်ကျွန်းစုရှိ စိန့်သောမတ်စ် (St. Thomas) တွင် တွေ့ရစဉ်။

အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ခု ရရှိအောင် မဆောင်ရွက်ပါက အခြေအနေဆိုးများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၉ တွင် သတိပေးလိုက်သည်။

အီရန်အစိုးရကလည်း တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို လက်တုံ့ပြန်သွားမည်ဟု တုံ့ပြန်ထားသည်။

ပိုမိုကျယ်ပြန့်သော စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုများ မြင့်တက်နေစေသည့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ ကြီးမားသော စစ်အင်အားဖြည့်တင်းမှုများကြားတွင်၊ တင်းမာမှုများကို အဆုံးသတ်ရန် အီရန်နှင့် ညှိနှိုင်းမှုများသည် ကောင်းမွန်စွာ လည်ပတ်နေသော်လည်း တီဟီရန်အနေဖြင့် “အဓိပ္ပာယ်ပြည့်ဝသော” သဘောတူညီချက်တစ်ခု ရရှိရန် ထရမ့်က တောင်းဆိုခဲ့သည်။

“ဒါမှမဟုတ်ရင် ဆိုးရွားတဲ့အရာတွေ ဖြစ်လာလိမ့်မယ်” ဟု အီရန်ကို တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားသူ ထရမ့်က ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် ၎င်း၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ပထမဆုံး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထရမ့်က “နောက်လာမယ့် ၁၀ ရက်လောက်အတွင်း ခင်ဗျားတို့ သိရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ နောက်ပိုင်းတွင် အသေးစိတ် ထပ်မံမေးမြန်းရာ၌ ၎င်းက Air Force One လေယာဉ်ပေါ်ရှိ သတင်းထောက်များကို “၁၀ ရက်၊ ၁၅ ရက်ဆိုတာ အများဆုံးပါပဲ၊ အဲဒီအချိန်က လုံလောက်မယ်လို့ ကျွန်တော် ထင်တယ်” ဟု ဖြေကြားခဲ့သည်။

“တကယ်ကို ဆိုးရွားတဲ့အရာတွေ” ဖြစ်လာနိုင်ကြောင်း ထပ်မံသတိပေးခဲ့ကာ အီရန်အနေဖြင့် တစ်နည်းမဟုတ်တစ်နည်း သဘောတူညီချက်ရအောင် လုပ်ဆောင်ရမည်ဟုသာ အခိုင်အမာ ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့သောစာတွင် တီဟီရန်က ၎င်းတို့အနေဖြင့် မည်သည့်စစ်ပွဲကိုမျှ စတင်မည်မဟုတ်သော်လည်း “စစ်ရေးအရ ကျူးကျော်မှုခံရပါက အီရန်သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးပြု၍ ပြတ်သားစွာနှင့် တုံ့ပြန်မှုနှင့် ညီမျှသော အင်အားဖြင့် တုံ့ပြန်သွားမည်” ဟု ဖော်ပြထားသည်။

“ဒေသတွင်းရှိ ရန်လိုသောအင်အားစုများ၏ အခြေစိုက်စခန်းများ၊ အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုအားလုံးသည် တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်။ ခန့်မှန်း၍မရသော၊ ထိန်းချုပ်၍မရသော မည်သည့်နောက်ဆက်တွဲ အကျိုးဆက်များအတွက်မဆို အမေရိကန်ပြည်ထောင်စုက အပြည့်အဝနှင့် တိုက်ရိုက်တာဝန်ယူရလိမ့်မည်” ဟု အဆိုပါစာတွင် ပါရှိသည်။

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းမှုများ အလှမ်းဝေးနေစဉ် ထရမ့်၏ ဗုံးကြဲတိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်က ရုရှားစစ်သင်္ဘောတစ်စင်းသည်လည်း အိုမန်ပင်လယ်ကွေ့တွင် အီရန်၏ စီစဉ်ထားသော ရေတပ်စစ်ရေးလေ့ကျင့်မှု၌ ပါဝင်လာခဲ့သည်။