စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ဗျူဟာလမ်းပိုင်း ပိတ်ထားသဖြင့် အခြေခံစားသောက်ကုန် များပြတ်ကာ ကြက်ဥတစ်လုံး ကျပ်၁၅၀၀ထိ ဈေးပေါက်နေကြောင်းသိရသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်မှစပြီး ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ရေးတင်းမာနေမှုကြောင့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထားသဖြင့် အခြေခံစားသောက်ကုန်များပြတ်ကာ ကုန်ဈေးနှုန်းမြင့်မားနေခြင်းဖြစ်ကြောင်း Infinity Group ထံက သိရသည်။
” ဗျူဟာလမ်းကို စစ်တပ်ရော PDF နှစ်ဖက်လုံးက အပြန်အလှန်ပိတ်ကြတာကြောင့် အခြေခံစား သောက်ကုန် ပြတ်နေတာ။အဓိက ကတော့ ကန့်ဘလူခရိုင်ထဲမှာ စစ်ရေးတင်းမာနေတာကြောင့်ပါ။ ဓာတ်ဆီ တစ်လီတာဆို ၂၅,၀၀၀ ဝန်းကျင်ထိပေါက်နေပြီး ကြက်ဥတလုံးကို ၁,၅၀၀ ဝန်းကျင်ထိ ပေါက် နေတာပါ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်ရေးတင်းမာနေမှု အခြေအနေနှင့်ပတ်သက်၍မူ Infinity Group တာဝန်ရှိသူက အသေးစိတ် ထည့်သွင်းပြောကြားခြင်းမရှိပေ။
” ဗျူဟာလမ်းက ကန့်ဘလူအတွက်တင်မဟုတ်ဘူးဗျ။မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းဆက် သွယ်ရေးအချက်အချာကျတဲ့လမ်းဖြစ်လို့ အရေးပါတယ်လို့ပြောလို့ရတယ်။ စစ်ရေးအခြအနေရှုပ် ထွေးနေလို့ဗျ။ ကျနော်လည်း ဒီလောက်ပဲပြောလို့ရတယ်ဗျ။” ဟု ၎င်းကပြောသည်။
ထို့ပြင် ကျွန်းလှမြို့နယ်၊ သဖန်းဆည်ဆိပ်အနီး၌လည်း စစ်ရေးတင်မာနေသည်မှာ ၂လကျော်ကြာ မြင့်နေပြီဖြစ်သဖြင့် နွေစပါးစိုက်ပျိုးရန် ရေမပေးနိုင်ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၈ရက် ညပိုင်းကလည်း သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ရွာကုန်းကြီးနှင့် နောင်ဦးရွာတို့ ကို စစ်တပ်က ဂျက်ဖိုက်တာ ၂စင်းဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွာကုန်းကြီးရွာ စာသင်ကျောင်း နှင့် တိုက်နယ်ဆေးရုံအဆောက်အအုံအချို့ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိပေ။
ကန့်ဘလူခရိုင်တွင် ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်းနှင့် ထန်းကုန်းမြို့နယ်တို့ ပါဝင်ကြောင်းသိရသည်။
