ကရင်နီပြည်ရှိ ဖားဆောင်းမြို့ပေါ်အားလုံးနီးပါးကို စစ်ကော်မရှင်တပ်မှ ထိန်းချုပ်ပြီးနောက် ဆက်လက်စစ်ကြောင်းထိုးလာရာ လက်ရှိ သံလွင်တံတားအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖားဆောင်းမြို့တွင်းမှ စစ်ကြောင်းထိုးလာနေသည့် စစ်ကော်မရှင်တပ်သားများသည် ယမန်နေ့၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သံလွင်တံတားအနီးအနားအထိ ခြေကုပ်ယူထားပြီးဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးအရင်းအမြစ်က ပြောသည်။
“တံတားထိပ်ကို လက်နက်ကြီး ဆယ်လုံးထုလာပြီး မနေ့ညက ထိုးတာ၊ ည ၁၀ နာရီ (ဖေဖော်ဝါရီလ ၁၈ ရက်) က ထိုးတာ၊ မနက် ၂ နာရီ (ယမန်နေ့) မှာ တံတားက ပြန်ဆုတ်ပေးလိုက်ရတယ်၊ ဒရုန်းလာတာလည်း ပါတာပေါ့။ ဒရုန်းအားသာလို့ ဆုတ်လိုက်ရတာ၊ အခုက ဖားဆောင်းမြို့တစ်ခုလုံးနီးပါး စစ်ခွေးတွေ ပြန်ရသွားပြီလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်တပ်သားများအနေဖြင့် ဖားဆောင်းမြို့တွင်းအား နေရာယူထားပြီး ဖားဆောင်းမြို့အဝင်နေရာများကို တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ထားကာ ထိတွေ့တိုက်ပွဲအနည်းငယ် ဖြစ်ပွားလျက်ရှိကြောင်း မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။
“အခုက နန်းကစ်၊ ပါပုနဲ့ စေတီကုန်းဘက်ကနေ ပိတ်ထားတာပေါ့။ သူတို့ကတော့ မြို့ထဲမှာပဲ ရှိနေတာပါ။ ခွေးကတော့ အများကြီးတိုးနေတာပေါ့။ ၁၃၅ ထဲက ကောင်တွေတောင် ထွက်လာနေပြီ၊ ကာနေဆဲပါပဲ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၅ တပ်ရင်းပေါ်သို့ စစ်ကော်မရှင်တပ်မှ Y-12 ဘက်စုံသုံး စစ်ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ချပေးခဲ့သေးသည်။
လက်ရှိ ဖားဆောင်းမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကော်မရှင်တပ်တွင်း ရင်းမြစ်တစ်ဦးအား MPA က မေးမြန်းရာ သံလွင်တံတားအနီးရှိ ခဲမဖြူရွာ ရှောင်းနာသို့ ရောက်ရှိနေပြီး စေတီကုန်းအထိ စစ်ကြောင်းထိုးရန် ညွှန်ကြားထားကြောင်း ပြောသည်။
“အခုက ရှောင်းနာကနေ အန်းကူ၊ ပြီးရင် ခဲမဖြူစေတီကုန်းအထိ တိုးခိုင်းထားတယ်။ အခုက ရှောင်းနာမှာ တပ်စွဲနေတာပေါ့၊ ခြုံထူတဲ့ သုံးနေရာမှာ တပ်စွဲထားတယ်။ ခဲမဖြူရောက်အောင် ဖောက်မယ်လို့ ကြွေးကြော်ထားတယ်၊ ရဟတ်ယာဉ်တော့ မဆင်းရသေးဘူး၊ အခုက မြေပြင်မှာလည်း တိုးနေကြပေမဲ့ ဒရုန်းအဓိကသုံးပြီး တိုက်မှာ။ အခြေအနေမကောင်းရင် အပေါ်ကောင် (ဂျက်ဖိုက်တာ) နဲ့ ပစ်ကူပေးမယ် ပြောထားလို့ တက်ရဲနေကြတာ” ဟု ၎င်းက ပြောသည်။
စစ်တပ်အနေဖြင့် ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တိုက်ပွဲ ကြီး၊ ငယ် ၃၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၅ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။
လက်ရှိ ဖားဆောင်းမြို့ပေါ်၊ ၁၀ မိုင်၊ ၁၂ မိုင်နှင့် ခဲမဖြူရပ်တို့တွင် ဒေသခံများ နေထိုင်ခြင်းမရှိတော့ဘဲ စစ်ရှောင်နေကြပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း ကရင်နီဒေသတွင်း မီဒီယာတစ်ခုမှ ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်မှ လေယာဉ်နှင့် ဒရုန်းများသုံးကာ ကင်းထောက်နေသဖြင့် သံလွင်မြစ်ကူးဆိပ်များကို ယာယီပိတ်ထားသလို မိုင်းခွဲခံနေရသည့် သံလွင်တံတားအနီးအနားအား စစ်ကော်မရှင်တပ်များမှ တပ်စွဲထားသဖြင့် သွားလာရေးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
