မကြည်ပြာအရေး ဆုံးဖြတ်ချက်ကို မပြင်နိုင်လျှင် အဓိကတာဝန်ရှိသူ NUG ပြည်ထောင်စုဝန်ကြီးချုပ် နှုတ်ထွက်ရန် တောင်းဆို

မကြည်ပြာကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို မပြင်နိုင်လျှင် အဓိကတာဝန်ရှိသူ NUGပြည်ထောင်စုဝန်ကြီးချုပ် တာဝန်ယူမှုရှိစွာဖြင့် နှုတ်ထွက်ရန် RFA အယ်ဒီတာဟောင်း ဦး ခင်မောင်စိုးက တောင်းဆိုလိုက်သည်။

ဦးခင်မောင်စိုးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“နဂါးကို အရေးယူမှုရဲ့ အကျိုးရလဒ်ကြောင့် NUG ရဲ့ ဂုဏ်သိက္ခာ တက်ချိန်မှာ ဒီ ဖေါ့ရိုးနဲ့ရိုက်တဲ့ ဆုံးဖြတ်ချက်ကို ချိန်ကိုက်ထုတ်ပြန်တာလည်း တက်တက်စင် လွဲမှားနေပါတယ်ခင်ဗျ”ဟု ဦးခင်မောင်စိုးက ရေးသားထားသည်။

မြန်မာပြည်သူတစ်ရပ်လုံးသည် အကျင့်ပျက် ဘက်လိုက်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ conflict of interest အကျိုးစီးပွားရှုပ်ထွေးမှုများကို မကြိုက်သဖြင့် ရှိသမျှငွေကြေးနှင့် အသက်များပေးပြီး တော်လှန်ရေးတွင် နိုင်သမျှပါဝင်နေကြခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မကပ(မကြည်ပြာ) ကိစ္စအရေးယူတာ မှားနေလို့ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေက ဆန္ဒပြနေ ကြပါပြီ။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကြောင့် ဘက်လိုက်ဆုံးဖြတ်တာမျိုးကို ဘယ်သူမှ လက်မခံပါဘူး။ ဆုံးဖြတ်ချက်ကိုပြင်ပါ။ ထိရောက်စွာ အရေးယူပါ။ ဒေါက်တာ ဦးဇော်ဝေစိုး က ဒီကိစ္စမှာ ဓားစာခံ ဖြစ်နေတယ်လို့ ကျန်းမာရေးနဲ့ ပညာရေး CDM တွေက ပြောပါတယ်။ ဆရာ ဇဝစ(ဒေါက်တာဇော် ဝေစိုး) ရဲ့ တွေ့ရှိချက် သို့မဟုတ် တင်ပြချက်ကို ထုတ်ပြန်ပေးပါ။ လူထု သိခွင့်ရှိပါတယ်”ဟု ဦးခင် မောင်စိုးက ဆက်လက်ပြောသည်။

မကြည်ပြာကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း ၏ ထုတ်ပြန် ချက်ကို “တလရ အင်အားစုကို လျှော့မတွက်ပါနဲ့”ဟုလည်း ဦးခင်မောင်စိုးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် မှတ်ချက်ပြုထားသည်။

လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်း က NUGအစိုးရအနေနှင့် တော်လှန်ရေး၏ပုံရိပ်၊ NUG၏ ဂုဏ်သိက္ခာ၊ ပြည်သူလူထုနှင့် CDM များ၏ ယုံကြည်မှုကို မျက်နှာမူ၍ မကြည်ပြာဖြစ်စဉ်တွင် နစ်နာသူများအတွက် တရားမျှတမှုရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးရန် အလေးအနက်ထား တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကလည်း မကြည်ပြာအရေး ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့်ခင်ပွန်းတို့ကို ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းများက တိုင်ကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး ဖေဖေါ်ဝါရီ၁၈ရက်တွင် ပြည်ထောင်စုဝန် ကြီးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ရာ၌ အဂတိလိုက်စားမှု မတွေ့ရကြောင်းနှင့် နောက်နောင် ဝန် ထမ်းများကို ချိုသာစွာဆက်ဆံရန်သာ ပြင်းထန်စွာ သတိပေးကြောင်း ဖော်ပြထားသည်။