ဂြိုဟ်သားများနှင့် ကမ္ဘာ့ပြင်ပသက်ရှိများအကြောင်း အစိုးရထံတွင် သိမ်းဆည်းထားသည့် ဖိုင်တွဲများကို စိစစ်ထုတ်ပြန်မည့် လုပ်ငန်းစဉ်များ စတင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနများကို ညွှန်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့်သီတင်းပတ်က Podcast တစ်ခုတွင် သမ္မတဟောင်း ဘားရတ်အိုဘားမားက “ဂြိုဟ်သားတွေဟာ တကယ်ရှိပါတယ်” ဟု ပြောကြားခဲ့ခြင်းမှာ လျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်းဖြစ်သည်ဟု ထရမ့်က စွပ်စွဲခဲ့ပြီးနောက်၊ Truth Social လူမှုကွန်ရက်တွင် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“သူ အဲဒီလို မလုပ်သင့်ဘူး” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး “သူ အမှားကြီး မှားသွားပြီ” ဟုလည်း ပြောဆိုခဲ့သည်။
ဂြိုဟ်သားများ တကယ်ရှိသည်ဟု ယူဆပါသလားဟု မေးမြန်းရာတွင် ထရမ့်က “သူတို့ တကယ်ရှိ၊ မရှိကိုတော့ ကျွန်တော် မသိပါဘူး” ဟု ဖြေကြားခဲ့သည်။
သမ္မတဟောင်း အိုဘားမားသည် ပြီးခဲ့သည့် စနေနေ့က ထုတ်လွှင့်ခဲ့သည့် လူတွေ့မေးမြန်းခန်းတစ်ခုတွင် ပေါ့ဒ်ကတ်စ် တင်ဆက်သူ Brian Tyler Cohen ကို ဂြိုဟ်သားများ တကယ်ရှိသည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
“သူတို့က တကယ်ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့ကို မမြင်ဖူးပါဘူး၊ ပြီးတော့ သူတို့ကို Area 51 (ဧရိယာ ၅၁) မှာလည်း ဖုံးကွယ်ထားတာ မဟုတ်ပါဘူး” ဟု အိုဘားမားက ဆိုသည်။
Area 51 (ဧရိယာ ၅၁) ဆိုသည်မှာ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် တောင်ပိုင်းရှိ အလွန်လျှို့ဝှက်လွန်းသော အမေရိကန် လေတပ်စခန်းတစ်ခု ဖြစ်သည်။ အဆိုပါနေရာတွင် အမေရိကန် စစ်တပ်အတွက် အဆင့်မြင့် လေကြောင်းနည်းပညာသစ်များနှင့် လက်နက်စနစ်များကို စမ်းသပ်သည်။
အိုဘားမား၏မှတ်ချက်များ သတင်းခေါင်းကြီးပိုင်းများတွင် ပါဝင်လာပြီးနောက် ၎င်းက ပြန်လည်ထုတ်ပြန်ရှင်းလင်းချက်တွင် စကြဝဠာကြီး၏ ကျယ်ပြောမှုအရ ကမ္ဘာ့ပြင်ပတွင် သက်ရှိများ ရှိနိုင်ခြေမှာ သင်္ချာကိန်းဂဏန်းများအရ ဖြစ်နိုင်ခြေရှိသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိုဘားမားက ၎င်း၏ Instagram တွင် “ကျွန်တော့် သမ္မတသက်တမ်းအတွင်းမှာ ကမ္ဘာ့ပြင်ပသက်ရှိတွေ ကျွန်တော်တို့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဘာမှ မတွေ့ခဲ့ရပါဘူး ဟု ထပ်မံရှင်းလင်းခဲ့သည်။
ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်က Air Force One ပေါ်တွင် ပြောကြားရာ၌ လူအများအပြားမှာ ဂြိုဟ်သားများရှိသည်ဟု ယုံကြည်ကြသော်လည်း ၎င်းအနေဖြင့် ထိုအကြောင်းကို ဘယ်သောအခါမှ မပြောဆိုခဲ့သလို “မည်သည့် ထင်မြင်ချက်မျှလည်း မရှိပါ” ဟု ဆိုခဲ့သည်။
သို့သော် နာရီအနည်းငယ်အကြာတွင် “လူအများ၏ စိတ်ဝင်စားမှု အလွန်မြင့်မားနေခြင်းကြောင့်” ဂြိုဟ်သားနှင့် ကမ္ဘာ့ပြင်ပသက်ရှိများ၊ အမည်မသိ ဝေဟင်ဖြစ်စဉ်များ (UAP)၊ အမည်မသိ ပျံသန်းသည့် အရာဝတ္ထုများ (UFO) နှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် အလွန်ရှုပ်ထွေးသော်လည်း စိတ်ဝင်စားစရာကောင်းပြီး အရေးကြီးသော အချက်အလက်မှန်သမျှကို ထုတ်ပြန်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Truth Social တွင် ရေးသားခဲ့သည်။
၂၀၂၄ ခုနှစ် အစီရင်ခံစာတစ်ခုတွင် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်က အမေရိကန်အစိုးရအနေဖြင့် ဂြိုဟ်သားများနှင့် ဆုံတွေ့ခဲ့သည့် “အထောက်အထား မရှိ” ကြောင်းနှင့် UFO တွေ့ရှိမှု အများစုမှာ သာမန်အရာဝတ္ထုများသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အမေရိကန် အောက်လွှတ်တော်က UFO ဟု အများသိကြသည့် အမည်မသိ ဝေဟင်ဖြစ်စဉ်များ (UAPs) နှင့် ပတ်သက်၍ ကြားနာမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ဂြိုဟ်သားများရှိကြောင်း အတည်ပြုနိုင်သည့် ထူးခြားသော ဖော်ထုတ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။
