၂၀၂၆ ခုနှစ် အညာဒေသအတွက် မေးခွန်းများ – ကျွန်ုပ်တို့ ဘယ်ဆီ ဦးတည်နေသလဲ

မြန်မာ့နွေဦးတော်လှန်ရေး ၆နှစ်မြောက်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံရေးအခင်းအကျင်းသည် နောက် တစ်ဖန် ပြောင်းလဲလျက်ရှိပြီး တော်လှန်ရေးအင်အားစုများ မျှော်မှန်းထားသည့်အတိုင်း အမြဲတမ်းဖြစ်နေ သည်တော့ မဟုတ်ပေ။ မိမိတို့ကို ထောက်ခံအားပေးသည့် အမာခံလူထုထံမှ ကြီးထွားလာနေသော စိတ်ပျက်၊ မကျေနပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အဆင့် ပေါင်းများစွာပါဝင်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။

ထိရောက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခံမှုတို့အပေါ် မေးခွန်းထုတ်မှုများမှာ တီးတိုးပြောဆို ရသော စိုးရိမ်ပူပန်မှုများ မဟုတ်တော့ဘဲ အွန်လိုင်းပေါ်တွင်သာမက လွတ်မြောက်နယ်မြေများတစ် လျှောက်တွင်ပါ ပွင့်ပွင့်လင်းလင်း ငြင်းခုံဆွေးနွေးလာကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ညီနောင်မဟာမိတ်၃ဖွဲ့ (MNDAA, AA နှင့် TNLA) ၏ ၁၀၂၇ စစ်ဆင်ရေးမှာလည်း သိသိသာသာ ရပ်တန့်သွားခဲ့သည်။

မဟာမိတ်အဖွဲ့အပေါ် ဘေဂျင်း၏ ဖိအားပေးမှု မြင့်တက်လာခြင်းက စစ်ရေးတွက်ကိန်းများကို ပြောင်းလဲသွားစေခဲ့ပြီး မြန်မာ့ပဋိပက္ခတွင် ပထဝီနိုင်ငံရေးသည် အဆုံးအဖြတ်ပေးနိုင်သော အင်အား စုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သက်ဆိုင်သူအားလုံးကို သတိပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ယင်းသို့သော ဖရိုဖရဲအခြေအနေများအပေါ် ထပ်လောင်းလာသည်မှာ စစ်ကောင်စီက အထွေထွေရွေး ကောက်ပွဲများ ပြုလုပ်ခြင်းပင်ဖြစ်သည်။

ယင်းကို စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးမဟုတ်ဘဲ နိုင်ငံရေးလှည့်ကွက်တစ်ခုအဖြစ်သာ အများစုက သတ်မှတ်၊ ပယ်ချထားကြသည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအများစုက “အတုအယောင်” ဟု သတ်မှတ်ထားကြသော အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်သားအသွင်ဖြင့် ရုပ်လုံးပြရန် ကြိုးပမ်းသည့် စစ်ကောင်စီ၏ လုပ်ရပ်အဖြစ်သာ မီးမောင်းထိုးပြနေသည်။

ဤအဖြစ်အပျက်များသည် ၂၀၂၅ ခုနှစ် နှောင်းပိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်း၏ ပုံပေါ်လာသော လက္ခဏာရပ်များ ဖြစ်လာခဲ့သည်။

ယင်းသို့သောအခြေအနေအရပ်ရပ်တွင် “အညာ” ဟု ဆိုကြသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ၂၀၂၆ ခုနှစ်အတွက် အကျိုးဆက်အကြီးမားဆုံး နိုင်ငံရေးစစ်တလင်းတစ်ခုအဖြစ် တိတ်တဆိတ် ဖြစ်လာခဲ့သည်။

စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတို့တွင် ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်းကြောင်း ကြေညာခဲ့ကြသည်။

ဤအချက်သည် တော်လှန်ရေးအရ စည်းရုံးလှုပ်ရှားမှုမှသည် ပြည်နယ်နှင့်တိုင်းအဆင့် နိုင်ငံရေးဖွဲ့စည်း တည်ဆောက်မှုဆီသို့ သိသိသာသာ ကူးပြောင်းလာခြင်းကို ပြသနေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အလယ်ပိုင်း အညာဒေသသည် တော်လှန်ရေးအမာခံနယ် မြေတစ်ခုမျှသာမက NUG ၏ လက်တွေ့အာဏာစက်အတွက် ကျောရိုးတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်းခြင်းကို NUG၊ တိုင်းဒေသကြီး လွှတ်တော်များအပြင် CDM နှင့် ပြည်သူ့သပိတ်အင်အားစုများကဲ့သို့သော အကြမ်းမဖက် လှုပ်ရှားမှုအဖွဲ့အစည်းများကပါ ကြိုဆို ခဲ့ကြသည်။

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကမူ ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဖက်ဒရယ်ယူနစ်အစိုးရများ တည်ထောင်ခြင်းကိုလည်း လူသိရှင်ကြား အသိအမှတ်ပြုခြင်း မရှိခဲ့ ပေ။

အစိုးရအဖွဲ့ကို မိတ်ဆက်သည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်း အဝေး မိန့်ခွန်းတွင် NUG ယာယီသမ္မတက “စစ်ကိုင်းတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုကို တည်ဆောက်ဖို့” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဖက်ဒရယ်အုတ်မြစ်လား သို့မဟုတ် အပြိုင်အာဏာဗဟိုချက်လား

အညာဒေသတွင် အသစ်ပေါ်ထွက်လာသော ဖက်ဒရယ်ယူနစ် အစိုးရများသည် အပြိုင်အာဏာဗဟိုချက် များကို ဖန်တီးနေခြင်းလား၊ သို့မဟုတ် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အုတ်မြစ်ချနေခြင်း လားဟူ၍ မေးခွန်း ၂ခု ထွက်ပေါ်လာစေသည်။

အကယ်၍သာ အဓိကအဖွဲ့အစည်းကြီးများကြား သဘောတူညီမှုရရှိကာ တစ်စုတစ်စည်းတည်းသော စစ်ရေးမဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပါက လွန်ခဲ့သော ၅နှစ်အတွင်း နေပြည်တော်စစ်ကောင်စီကို ဖယ်ရှားရေးဆိုသည့် တော်လှန်ရေး၏ လက်ငင်းရည်မှန်းချက် အောင်မြင်ခဲ့ပြီးဖြစ်နိုင်ပေသည်။

သို့သော် အဖွဲ့ငယ်လေးများကို ရှင်းလင်းပြတ်သားသည့် မဟာဗျူဟာ လမ်းညွှန်မှုတစ်ခုအောက်တွင် စုစည်းနိုင်ရန် ပျက်ကွက်ခဲ့သည်။ ဆိုလိုသည်မှာ နွေဦးတော်လှန်ရေးသည် အစိတ်စိတ်အမွှာမွှာ ကွဲပြား နေသော လက်တွေ့အခြေအနေတစ်ခုအတွင်း၌ ကြီးထွားလာခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖက်ဒရယ်ယူနစ်များ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကို ယေဘုယျ အားဖြင့် ပုံစံ၃မျိုးဖြင့် သတ္တုချနိုင်ပါသည်။

● ပထမအချက် – ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများသည် ကျေးရွာများနှင့် မြို့နယ်များ တစ်လျှောက် (မြို့နယ်ပေါင်း ၈၇ မြို့နယ်ခန့်) တွင် ပြန့်ကျဲနေသဖြင့် စုပေါင်းလုပ်ဆောင်မှု များ အတွက် စိန်ခေါ်မှုဖြစ်စေသည်။ နိုင်ငံရေးအရလည်း ဤလှုပ်ရှားမှုတွင် တစ်စုတစ်စည်းတည်း သော မဟာဗျူဟာလမ်းညွှန်မှုပေးနိုင်မည့် ရှင်းလင်းပြတ်သားသော ဗဟိုချက်တစ်ခု ကင်းမဲ့နေခဲ့ သည်။ လွန်ခဲ့သည့် ၅နှစ်တာကာလအတွင်း အဆိုပါ ပြန့်ကျဲနေသော အင်အားစုများကို ခိုင်မာ သော ဖွဲ့စည်းပုံဘောင်တစ်ခုအောက်သို့ သွတ်သွင်းနိုင်ရန် NUG ရုန်းကန်ခဲ့ရသည်။

● ဒုတိယအချက် – နိုင်ငံရေးအုတ်မြစ် ရှိနှင့်ပြီးသား ဖြစ်နေခြင်းဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၊ NLD ၏ ဖက်ဒရယ်မူဝါဒများ (ဒေါ်အောင်ဆန်းစုကြည်၏ မူ ၆ ချက်) နှင့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆက်လက်တည်ရှိနေသော တရားဝင်မှုတို့က စံနှုန်းပိုင်းဆိုင်ရာအရရော အဖွဲ့အစည်းပိုင်းဆိုင်ရာအရပါ အခြေခံအုတ်မြစ်များကို ပံ့ပိုးပေးထား သည်။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များစွာသည် အညာနှင့် လွတ်မြောက်နယ်မြေများတွင် တက်ကြွစွာ ဆက်လက်ရှိနေကြသည်။ ယင်းတို့ကို ပေါင်းစပ်လိုက်သောအခါ တရားဝင် ဖက်ဒ ရယ်ယူနစ်များ ပေါ်ပေါက်လာရေးအတွက် ပိုမိုခိုင်မာအားကောင်းစေသည်။

● တတိယအချက် – အညာဒေသတွင် တွေ့မြင်နေရသည့် NUG ၏ အားနည်းချက်များက ဒေသ တွင်းကိုယ်ပိုင်အစီအမံများကို ပိုမိုအရှိန်မြှင့်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ပေါ်ထွက်လာသော အောက်ခြေမြေပြင်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ထိရောက်မှုမရှိ သော တော်လှန်ရေးအုပ်ချုပ်ရေးနှင့် အရင်းအမြစ် ခွဲဝေမှုအပေါ် စိုးရိမ်ပူပန်မှုများက ပိုမိုလွတ် လပ်သော ဒေသန္တရ ဖွဲ့စည်းပုံများအတွက် တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ ဖက်ဒရယ်ယူနစ်များသည် NUG ကို တော်လှန်ရေး၏ ဗဟိုအာဏာပိုင်နှင့် ကြားကာလ ဖက်ဒရယ်အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုထားကြသည်။

စစ်ရေးကိစ္စများတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်မှာ ယူနစ်စောင့်တပ်ဖွဲ့များအဖြစ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ယူနစ်အဆင့် လုံခြုံရေးတပ်ဖွဲ့များအဖြစ်သာ ကန့်သတ်ထားပြီး PDF များမှာမူ လက်ရှိ NUG ၏ ကွပ်ကဲမှုအောက်တွင်သာ ဆက်လက်တည်ရှိနေသည်။

စစ်ကိုင်းအခြေခံဥပဒေ ပုဒ်မ ၁၃၉ တွင် “အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်ပင်ညှိနှိုင်း၍ အောက်ပါ လက်နက်ကိုင်တပ်ဖွဲ့များကို ဖွဲ့စည်းနိုင်သည် – (က) ယူနစ်၏ ကာကွယ်ရေးတပ်ဖွဲ့ နှင့် (ခ) ယူနစ်၏ လုံခြုံရေးတပ်ဖွဲ့/ရဲတပ်ဖွဲ့” ဟု ပြဋ္ဌာန်းထားသည်။

မကွေး ကြားကာလ အစီအမံ ပုဒ်မ ၁၁၄ တွင်လည်း အလားတူ ပြဋ္ဌာန်းချက်မျိုး ပါရှိသော်လည်း မန္တလေး ကြားကာလ အစီအမံတွင်မူ လုံခြုံရေးဆိုင်ရာ အစီအမံများအား ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

နိုင်ငံခြားရေးရာကိစ္စရပ်များကိုမူ ဗဟိုသို့ အပြည့်အဝ အပ်နှင်းထားပြီး NUG ၏ သီးသန့် သံတမန်ရေးရာ အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုထားသည်။

မကွေး ကြားကာလ အစီအမံ၏ အခန်း ၁၇၊ စစ်ကိုင်းအခြေခံဥပဒေ၏ အခန်း ၁၈ နှင့် မန္တလေး ကြားကာလ အစီအမံ၏ နောက်ဆက်တွဲ ၁ ပါ ပြဋ္ဌာန်းချက်များတွင် NUG နှင့် ယူနစ်များအကြား အာဏာခွဲဝေကျင့်သုံးမှုများကို ဖော်ပြထားသည်။

သို့ရာတွင် လုပ်ပိုင်ခွင့်များ ခွဲဝေမှုနှင့်ပတ်သက်၍ ဂရုတစိုက် ညှိနှိုင်းဆွေးနွေးမှုများ လိုအပ်နေဆဲဖြစ် သည်။
ထို့ကြောင့် မူအားဖြင့်ဆိုရသော် ဖက်ဒရယ်ယူနစ်နိုင်ငံရေး ဖြစ်ထွန်းမှုများသည် NUG ကို အားနည်းသွား စေ မည့်အစား ပိုမိုအားကောင်းလာစေနိုင်ပါသည်။

သို့သော် ဤရလဒ်သည် အလိုအလျောက် ဖြစ်ပေါ်လာမည်တော့ မဟုတ်ပေ။ အရေးကြီးသော အခြေအ နေများ ကျန်ရှိနေသေးသည်။

အထူးသဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံခြားဆက်ဆံရေးကဲ့သို့သော ထိလွယ်ရှလွယ် ကိစ္စရပ် များတွင် ရှင်းလင်းပြတ်သားပြီး ခိုင်မာသည့် နားလည်မှုများ တည်ဆောက်ရမည်ဖြစ်သည်။ ဗဟိုနှင့် ဖက်ဒရယ်ယူနစ်များအကြား လုပ်ပိုင်ခွင့်များ ခွဲဝေခြင်းကို မရေမရာ ချန်ထား၍မရဘဲ စနစ်တကျ ပြင် ဆင်စုဖွဲ့ထားသော ညှိနှိုင်းဆွေးနွေးမှုများ လိုအပ်သည်။

ဤကိစ္စရပ်များ၏ နိုင်ငံရေးအရ အရေးပါမှုကို ထည့်သွင်းစဉ်းစား၍ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများကို ကျင့်သုံးရာတွင် သတိကြီးကြီးဖြင့် မဟာဗျူဟာမြောက် အမြော်အမြင်ရှိစွာ ကျင့်သုံးရမည်ဖြစ်သည်။

အုပ်ချုပ်ရေးဆိုင်ရာ ဦးစားပေးများလား

ပြည်နယ်/တိုင်းအဆင့် အစိုးရများ၏ အဓိကသဘာဝမှာ လုပ်ငန်းဆောင်တာများ လည်ပတ်နိုင်ရေးဖြစ် ပြီး ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် ဒေသအဆင့်ရှိ အဓိကသက်ဆိုင်သူများနှင့် ပူးပေါင်းညှိနှိုင်း ရန် ယန္တရားများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြသည်။

ယင်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ တစ်ပါတီတည်း မဟုတ်ဘဲ အစုအဖွဲ့များ ပူးပေါင်းပါဝင်သည့် ဖွဲ့စည်းမှုမျိုး ဖြစ်သည်။ စစ်ကိုင်းတွင် ယူနစ်အစိုးရကို ကိုယ်စားလှယ်အစုအဖွဲ့ ၅ခုဖြင့် ဖွဲ့စည်းထားပြီး မကွေးနှင့် မန္တလေးတွင်မူ သက်ဆိုင်ရာ ယူနစ်အစိုးရများကို ကိုယ်စားလှယ်အစုအဖွဲ့ ၇ခုစီဖြင့် ဖွဲ့စည်း ထားသည်။

ထိုအခြေအနေတွင် အစိတ်စိတ်အမွှာမွှာ ကွဲပြားနေသော တော်လှန်ရေးအခင်းအကျင်း၏ လက်တွေ့အ ခြေအနေအရ မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။

၎င်းတို့အနေဖြင့် ဤအစိုးရများကို တကယ်ပဲ ထိထိရောက်ရောက် အလုပ်ဖြစ်အောင် လုပ်နိုင်မည်လား။

၎င်းတို့သည် အပြိုင်ဖြစ်နေသည့် ဦးစားပေးကိစ္စရပ်များကို ဟန်ချက်ညီအောင် ထိန်းကျောင်း ရမည်ဖြစ် သည်။
ယင်းတို့မှာ စစ်ကောင်စီထံမှ ပြင်းထန်လာသော စစ်ရေးဖိအားများကို ရင်ဆိုင်ခြင်း၊ နယ်မြေချင်း ထိစပ်တည်ရှိနေသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် (စစ်ကိုင်းတွင် KIO၊ မကွေးတွင် AA နှင့် မန္တလေးတွင် TNLA/MNDAA) ရှုပ်ထွေးလှသည့် ဆက်ဆံရေးများကို စီမံခန့်ခွဲခြင်း၊ NUG နှင့် အချိတ်အဆက်မိမိ ဆက်လက်ရပ်တည်ခြင်းတို့ဖြစ်ပြီး တချိန်တည်းမှာပင် လည်ပတ်နိုင်စွမ်းရှိသည့် ပြည်နယ်/တိုင်းအဆင့် အစိုးရများကို တည်ဆောက်ရမည်ဖြစ်သည်။

ဤလက်တွေ့အခြေအနေအတွင်း ၂၀၂၆ ခုနှစ်အတွက် အဓိက ဦးစားပေးကိစ္စရပ် ၂ခု ထင်ရှားလာသည်။

၁။ အပေါ်လွှာ နိုင်ငံရေးတည်ငြိမ်မှုကို သေချာ တည်ဆောက်ရမည်

ထိုသို့လုပ်ဆောင်ရာတွင် ယူနစ်အစိုးရများအတွင်း အထူးသဖြင့် ကိုယ်စားလှယ်အစုအဖွဲ့များကြား အတွင်းစည်းအာဏာ ချိန်ခွင်လျှာကို တည်ငြိမ်အောင် ထိန်းထားရန် လိုအပ်သည့်အပြင် NUG၊ နယ်မြေချင်း ထိစပ်တည်ရှိနေသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကိုပါ စီမံခန့်ခွဲရမည်ဖြစ်သည်။ ဤအဆင့်တွင် စည်းလုံးညီညွတ်မှု မရှိပါက မြေပြင်ရှိ ထိရောက်သော အုပ်ချုပ်ရေးလုပ်ငန်းစဉ်များသည် ဖရိုဖရဲဖြစ်ပြီး အငြင်းပွားဖွယ်ရာအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ဤဟန်ချက်ညီမှုကို ထိန်းသိမ်းရန်အတွက် ကိုယ်စားလှယ်အစုအဖွဲ့များ၊ NUG နှင့် တိုင်းရင်း သား အဖွဲ့အစည်းများကြား စနစ်ကျသည့် ဆက်သွယ်ရေးလမ်းကြောင်းများနှင့် သဘောတူညီထားသော ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များကို အဖွဲ့အစည်းဆိုင်ရာ ယန္တရားများအဖြစ် ပီပီပြင်ပြင် တည် ဆောက်ရမည်ဖြစ်သည်။

မလွှဲမရှောင်သာ ဖြစ်ပေါ်လာမည့် တင်းမာမှုများကို နိုင်ငံရေးအရ အကွဲအပြဲများအဖြစ်သို့ မရောက်မီ စီမံခန့်ခွဲနိုင်ရန် အငြင်းပွားမှုဖြေရှင်းရေးအတွက် ရှင်းလင်းသော ယန္တရားများကိုလည်း ထူထောင် သင့်သည်။

ထိုသို့သော ဘောင်များမရှိပါက အစိုးရအဖွဲ့ အတွင်းစည်းတွင် အပြိုင်အဆိုင်ဖြစ်မှု၊ အယုံအကြည်မရှိမှု၊ သို့မဟုတ် တရားဝင်မှုအပေါ် အထပ်ထပ် တောင်းဆိုမှုများသည် အုပ်ချုပ်ရေးဆိုင်ရာ ထိရောက်မှုကို တိုက်စားသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း အားနည်းသွားစေမည်ဖြစ်သည်။

၂။ ဖက်ဒရယ်ယူနစ်အဆင့်ရှိ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံဘောင်ကို စကားလုံးသက်သက်ဖြင့် မဟုတ်ဘဲ လက်တွေ့ကျကျ ရှင်းလင်းစွာ သတ်မှတ်ရမည်

၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် တော်လှန်ရေး၏ တရားဝင်မှုတို့သည် အစွမ်းထက်သော်လည်း ၎င်းတို့ ချည်းသက်သက်ဖြင့်တော့ အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ အာဏာကို စနစ်များအဖြစ်သို့ ပြောင်းလဲယူရမည်ဖြစ်သည်။

ဖက်ဒရယ်ယူနစ်များသည် အုပ်ချုပ်ရေး၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ အခွန်ကောက်ခံခြင်း၊ ပြည်သူ့ဝန်ဆောင် မှုပေးခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ အ တွက် လည်ပတ်နိုင်သော ဖွဲ့စည်းပုံများ လိုအပ်သည်။

အာဏာပိုင်ဆိုင်ရာ စည်းမျဉ်းများကို တိကျစွာ ရေးဆွဲပြဋ္ဌာန်းရမည်။ အရပ်သားခေါင်းဆောင်မှုနှင့် လက် နက်ကိုင်တပ်ဖွဲ့များအကြား ကန့်သတ်စည်းများကို ရှင်းလင်းစွာ ရေးဆွဲထားရမည်။ အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းမရှိပါက အစုအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသော အစိုးရများသည် လက်တွေ့လုပ်ငန်းလည် ပတ်နိုင်စွမ်းမရှိဘဲ အမည်ခံသက်သက်သာ ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်။

ထပ်တူအရေးကြီးသည်မှာ NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးမှသည် ပေါ်ထွက်လာသော ပြည်နယ်/တိုင်းအဆင့် အစိုးရများထံသို့ ချောမွေ့ပြီး စနစ်ကျသော အသွင်ကူးပြောင်း မှုတစ်ရပ် ဖြစ်သည်။ ဤအသွင်ကူးပြောင်းမှုသည် နည်းပညာရပ်ဆိုင်ရာသက်သက်မဟုတ်ဘဲ နိုင်ငံရေး ကိစ္စရပ်ဖြစ်သည်။

အညာဒေသရှိ တိုင်းအဆင့် အစိုးရများ၏ အောင်မြင်မှုသည် ၎င်းတို့ကို မည်မျှကျယ်ပြန့်စွာ ဖွဲ့စည်းထား သလဲဆိုသည့်အပေါ်တွင် မှီခိုနေခြင်းထက် ၎င်းတို့ကို မည်မျှထိရောက်စွာ ဖွဲ့စည်းတည်ဆောက်ပြီး စီမံ ခန့်ခွဲသလဲဆိုသည့်အပေါ်တွင် ပို၍မူတည်နေပေမည်။

အညာလေ့လာရေးစင်တာ၏ “Ah Nyar’s Big Questions in 2026: Where Are We Headed?” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ အညာလေ့လာရေးစင်တာသည် MPA သတင်းဌာန၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။