တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်းခဲ့သည့် တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ တောင်ခေါင်းလောင်းရွာတပ်စခန်းတွင် ပြန်လည်အထိုင်ချနိုင်ရေးအတွက် စစ်တပ်က ကင်းပုန်းပြန် ဝပ်နေ ကြောင်း သိရ သည်။
စစ်သားနှင့် ပြည်သူ့စစ် စုစုပေါင်းအင်အား ၂၇ ဦးခန့်ရှိ တောင်ခေါင်းလောင်း ကျေးရွာတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၈ နာရီ၂၃မိနစ်မှစတင်၍ တစ်နာရီ ခန့်ကြာ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထွက်ပြေးသွားပြီးနောက် ယင်းစခန်း၌ ပြန်လည်အထိုင်ချနိုင်ရေးအတွက် ယခုရက်ပိုင်းအတွင်း ပလောက်မြို့ အခြေစိုက် ခလရ ၂၈၀ မှ စစ်သားများက ကင်းပုန်းလာဝပ်နေကြောင်း KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့ထံက သိရသည်။
“တောင်ခေါင်းလောင်းက ရပ်ကွက်တစ်ခုစာလောက်ပဲရှိတာပါ။ သူတို့က စခန်းကို ပြည်သူအိမ် တွေမှာ လုပ်ထားတဲ့အတွက် မီးမရှို့ပါဘူး။ စခန်းကိုပြန်ထိုင်မယ့် အစီအစဉ်တော့ ရှိနိုင်ပါတယ်။ ကင်းပုန်းလာဝပ်နေကြပါတယ်ဗျ”ဟု KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ခလရ၂၈၀မှ စစ်သားများသည် ယခင်က ၎င်းတို့အထိုင်ချခဲ့သော စာသင်ကျောင်းနှင့် အနီးတဝိုက်ရှိ အိမ်များတွင် ကင်းပုန်းပြန်ဝပ်နေသော်လည်း အင်အားမည်မျှ ရှိသည်ကို မသိရသေးပေ။
“အဲဒီစခန်းဟာ စကစရဲ့ အရေးကြီးတဲ့ နေရာဖြစ်တဲ့အတွက် ရအောင်ပြန်ယူပါလိမ့်မယ်။ စကစရဲ့ လမ်း၊ ရိက္ခာနဲ့ စစ်မှုထမ်းပို့တဲ့လမ်းကြောင်းပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖေါ်ဝါရီ၁၇ရက် တိုက်ပွဲအတွင်း စစ်တပ်စခန်းပေါ်သို့ ဒရုန်းဖြင့် ဗုံး ကြဲချခဲ့ပြီးနောက် စစ်သားများ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း နံနက် ၇ နာရီတွင်မူ ရေတပ်မှ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်း ၊ နံနက် ၈ နာရီ ၂၃ မိနစ်တွင်မူ စစ်တပ်စခန်းကို စီးနင်းနိုင်ခဲ့ပြီး နယ်မြေရှင်းလင်းခဲ့ကာ နံနက် ၉ နာရီခွဲခန့်၌ ဂျက်ဖိုက်တာတစ်စင်း ဖြင့် ၂ ကြိမ် ဗုံးကြဲခဲ့သော်လည်း ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲတွင် စစ်သား၃ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ၆၀ မမ တာဝေးဗုံးသီး ၁၀ လုံးနှင့် အီနာဂါ ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြသော တောင်ခေါင်းလောင်းရွာသားများမှာ ရွာထဲ၌ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို KNLA တပ်မဟာ ၄ ၊ အထူးတပ်ဖွဲ့နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
