ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒေါင်းနီ PDF ရဲဘော်များကို ဒေသခံများ ဖမ်းဆီး

Photo - ဒေါင်းနီ PDF ပုံစာ- ဒေါင်းနီ PDF ရဲဘော်များကိုတွေ့ရစဉ်

By Moe Nya / MPA

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒေါင်းနီ PDF ရဲဘော်များကို ဒေသခံများက ဖမ်းဆီးခဲ့ပြီး လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက် ညပိုင်းတွင် ဒေါင်းနီ PDF က ဝက်လက်မြို့နယ် ထန်းကြီးရွာနှင့် ကျောင်းဖြူရွာကြား၌ ဂိတ်ကြေးကောက်ခံခြင်းနှင့် ပတ်သက်ပြီး ရွာခံများက မကျေနပ်သဖြင့် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ဆန္ဒပြသည့် ပြည်သူများကို ဒေါင်းနီ PDF က ရဲဘော်များက တစ်ရွာလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်သည့်အပြင် ရင်းမှူးကလည်း သေနတ်ပစ်ဖောက်ခြင်းကို ပြုလုပ်သည့်အတွက် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသည်။

” ၈ရက်နေ့ က ဆန္ဒပြတာကိုမကျေနပ်လို့ ဒေါင်းနီPDF ရဲဘော်ဘီလူးနဲ့ ရဲဘော် ၂ယောက်က တစ်ရွာလုံးကိုမီးရှို့မယ်၊ မိုက်တဲ့ကောင်ထွက်ခဲ့ဆိုပြီး အော်ဆဲသွားလို့ နောက်တနေ့ ရွာထဲပြန်လာတာ ရွားသားတွေနဲ့ ထပ်အချင်းများပြီး ရွားသားတွေကဖမ်းထားလိုက်တာ။ နောက်နေ့ရောက်တော့ ဒေါင်းနီရင်းမှူးက ရွာထဲကို သေနတ်ဖောက်ပြီးလာတော့ လူတွေထိကုန်တယ်။ အဲ့ဒီတော့ အကုန်လုံးကို ရွာသားတွေက ရိုက်နှက်ဖမ်းဆီးလိုက်တာပါ” ဟု ဒေသခံရွာသားတစ်ဦးက ဖြစ်စဉ်ကိုပြောပြသည်။

ဒေါင်းနီ PDF သည် အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ရှိ အမှတ် ၉၀၈၇ တပ်ဖြစ်ပြီး ယင်းအဖွဲ့ကို ရင်းမှူး ကိုဖြိုးက ဦးဆောင်ခြင်းလည်းဖြစ်သည်။

ဒေသခံများက ဒေါင်းနီ PDF ရဲဘော်များကို ဖမ်းဆီးထားမှုကို မကျေနပ်သည့် ရင်းမှူး ကိုဖြိုးနှင့်အဖွဲ့သည် စက်တင်ဘာ ၉ရက် ၊ ည ၉နာရီခွဲတွင် ထန်းကြီးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သေနတ်များပစ်ဖောက်မှုပြုလုပ်သည့်အတွက် ၎င်းတို့ကိုပါ ဒေသခံများက ဖမ်းဆီးလိုက်ပြီး လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါင်းနီ PDF ဒုတပ်ရင်းမှူးက ဒေသခံများဖမ်းဆီးထားသည့် ရဲဘော်များ ဆေးကုသခွင့်ပေးရန် နှင့် လက်နက်ခဲယမ်းများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားပြီး ပြသနာများကိုလည်း ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြထားသည်ဟုဆိုသည်။

” ဝက်လက်ဒေသမှာ ဒီရက်ပိုင်းထဲ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့သလိုဖြစ်နေတယ်။ လက်နက်ကိုင်ထားတဲ့လူက သက်ငယ်မုဒိန်းလုပ်တာ၊ အချင်းချင်းသတ်ဖြတ်တာတွေ ဂိတ်ကောက်တွေနဲ့ လူထုကိုသေနတ်အားကိုနဲ့ အနိုင်ကျင့်တာတွေတော်တော်ဖြစ်လာတယ်။ ” ဟု ဝက်လက်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် NUG စိုးမိုးနယ်မြေများရှိပြီး ပသုံးလုံး ယန္တားရားလည်ပတ်နေသည်ဟု ဆိုသော်လည်း ၊ တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သေချာစွာ ဖြေရှင်းပေရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဝက်လက်မြို့နယ်အတွင်း ပကဖ၊ ပအဖ၊ ပလဖနှင့် NUG/MOD လက်အောက်ခံ တပ်ရင်းများအပြင် အခြား Local PDF တပ်ဖွဲ့များလည်း လှုပ်ရှားလျက်ရှိသည်။

စာတည်း-ကိုဆန်း