ဗိုလ်နဂါးဇာတိ ကြောင်သန်းရွာကို စစ်တပ်က တပ်စွဲပြီးနောက် ဒေသခံများကို ပေါ်တာဆွဲမှုများ ပြုလုပ်လာ

BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားပြီးနောက် ၎င်း၏ ဇာတိ ကြောင်သန်းကျေးရွာတွင် စစ်ကော်မရှင်တပ် ဝင်ရောက်တပ်စွဲနေပြီး အနီးတဝိုက်သို့ စစ်ကြောင်းထိုးနိုင်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်မှစ၍ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ဗိုလ်နဂါး၏ ဇာတိဖြစ်သည့် ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာသို့ ဝင်ရောက်တပ်စွဲကာ အနီးရှိ သီတင်းကန်၊ ကန်ကြီး၊ မြကုန်း၊ ကုက္ကိုလ်ကုန်း၊ စေတီရုံ၊ ဇောင်ချမ်းကုန်း၊ စပါးစေ့နှင့် နွယ်ရှောက်ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ကြောင်း သိရသည်။

“နဂါးရွာ ကြောင်သန်းကို စစ်ကော်မရှင် ရောက်နေတယ်။ ကြောင်သန်းကို အထိုင်ချပြီး မင်းတိုင်ပင်က ပြည်သူတွေ အဓိကစစ်ရှောင်နေရတဲ့ဘက်ကို စစ်ကြောင်းထိုးမယ်ကြားနေတယ်။ နဂါးမိဘတွေတော့ ကြောင်သန်းမှာ ရှိသေးတယ်၊ ကြောင်သန်းရွာက နဂါးအသံကြားရင်ကို ရွံနေကြတာ၊ ရွာသိက္ခာကျလို့တဲ့” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ ကြောင်သန်းကျေးရွာအတွင်း စစ်ကော်မရှင် တပ်ဝင်ရောက်ခြင်းမှာ ဗိုလ်နဂါး လျှို့ဝှက်သိမ်းဆည်းထားသည့် လက်နက်များကို ပြန်လည်ရှာဖွေရန် ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ဆိုသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနှင့် စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင် ငါးဦးမှာ စစ်တပ်ထံသို့ လက်နက်ချအညံ့ခံခဲ့သည့်အပြင်၊ BNRA တပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင်မှာလည်း သေတ္တရာကျေးရွာမှတစ်ဆင့် ပုလဲမြို့နယ်အတွင်းသို့ ဝင်ရောက်ကာ စစ်တပ်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

“နဂါးစခန်းကနေ ၁၅ ယောက် ပုလဲထဲ ထပ်ပြီး လက်နက်ချတယ်။ သေတ္တရာရွာကနေ ဖောကားနဲ့ လာခေါ်တာ။ အခုချိန်က နဂါးကိစ္စနဲ့ ပတ်သက်ပြီး NUG ရဲ့ ထုတ်ပြန်ချက်တွေက အရေးကြီးနေတာ၊ မြေပြင်ရဲ့ အခြေအနေမှန်တွေက ကျွန်တော်တို့ချည်းပဲ သိနေလို့ မရဘူးလေ။ ပြည်သူတွေ သိဖို့လိုတယ်။ နဂါး စစ်တပ်နဲ့ ပေါင်းသွားတာကတော့ ပုလဲနယ် သန့်သွားတာပေါ့” ဟု ပုလဲမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ကြောင်သန်းကျေးရွာအတွင်းရှိ ပြည်သူအချို့မှာ ကျေးရွာအတွင်း ဆက်လက်နေထိုင်နေကြသူများ ရှိနေသည့်အပြင် ဘေးလွတ်ရာသို့ ထွက်ခွာလာကြသူများလည်း ရှိနေသည်။

“စစ်ရှောင်တွေကတော့ ကြောင်သန်းရွာထဲမှာလည်း တချို့ရှိတယ်။ အခုလည်း စစ်ကြောင်းက ဘယ်တွေကို ထိုးမှာမှန်း မသိတော့ ပုလဲနယ်ထဲက စစ်ရှောင်တွေကတော့ အထုပ်ပြင်ထားကြရတာပေါ့” ဟု ဒေသခံစစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နေ့လယ် ၂ နာရီတွင်လည်း ပုလဲမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာအတွင်းရှိ ပြည်သူများကို စစ်ကော်မရှင် တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများနှင့် BNRA တပ်များကြား လေးနာရီခန့်အကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ကော်မရှင် တပ်ထံသို့ ဗိုလ်နဂါးက လက်နက်ချခဲ့ခြင်း ဖြစ်သည်။

စာတည်း-ကိုဆန်း