စစ်အာဏာရှင်အမှုတော် ရွပ်ရွပ်ချွံ ထမ်းပိုးခဲ့သော သက်သက်ခိုင် ပါတီဥက္ကဌအဖြစ်မှ ဖယ်ရှားခံရ

စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက် ရွပ်ရွပ်ချွံ ထမ်းပိုးခဲ့သော သက်သက်ခိုင်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ပါ တီ ဥက္ကဌ ရာထူးမှ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။

ယနေ့(ဖေဖေါ်ဝါရီ၂၁ရက်) ပြည်သူ့ရှေ့ဆောင်ပါတီ၏ ထုတ်ပြန်ချက်များအရ PPPပါတီဥက္ကဌမှာ စောဟန်အေး ဖြစ်လာပြီး သက်သက်ခိုင်မှာ PPP ပါတီ၏ လူ့စွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဌ ဖြစ်ကြောင်း တွေ့ရှိရသည်။

“ရာထူးကနေ အနားယူလိုက်တယ်ဆိုတာက လူကြားကောင်းအောင် ပြောတဲ့သဘောပါ။စစ်တပ်က သက်သက်ခိုင်ကို ပါတီဥက္ကဌအနေနဲ့ မမြင်ချင်တော့လို့ ဖယ်ရှားခိုင်းလိုက်တဲ့သဘောပါပဲ”ဟု စစ်အစိုး ရလက်ထက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်း သက်သက်ခိုင်နှင့် PPPပါတီ စီအီးစီ ထက်ထက်လှိုင်တို့သည် ပြည်ပသံရုံး တစ်ရုံးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ယင်း ကိစ္စနှင့်ပတ်သက်ပြီး အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိ အရေးယူမှု မရှိသေး ပေ။

“သံရုံးနဲ့တွေ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောင်မကျဖို့ သက်သက်ခိုင်ဘက်က ကြိုးစားမယ့်ပုံပါ။ဒါနဲ့ ကော်မရှင်ကလည်း အရေးမယူတော့ဘူး။ပါတီဥက္ကဌကနေ ဆင်းပေးဆိုပြီး ညှိနှိုင်းမှု ပြေလည်သွား တာလို့ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ၏ လွှတ်တော်အမတ်တစ်ဦးအနေနှင့် နိုင်ငံရေးဘဝ စတင် ခဲ့သော သက်သက်ခိုင်သည် NLDပါတီမှ ထွက်ကာ PPPပါတီကို ထူထောင်ခဲ့ရာ ၂၀၁၅ရွေး ကောက်ပွဲ၌ အမတ်တစ်နေရာမျှ အနိုင်မရခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင် စုဝန်ကြီးအဖြစ် ချီးမြှောက်ခံခဲ့ရသည်။

၂၀၂၅ခုနှစ် တရားမဝင်ရွေးကောက်ပွဲတွင် ဘဏ်ချေးငွေပြဿနာဖြင့် သက်သက်ခိုင်ကို စစ်ကော်မရှင် က အမတ်အဖြစ်မှ ဖယ်ရှားခဲ့ပြီးနောက် ၎င်းက စစ်အုပ်စုအား ဝေဖန်ခဲ့သည်။ထို့နောက် ပြည်ပသံရုံး နှင့် တွေ့ဆုံခဲ့သည်ဆိုသော စွပ်စွဲချက် ထွက်ပေါ်လာခဲ့သည်။

စာတည်း-ML