မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ NUG မြေအောက်ဆေးရုံကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ရက်တွင် နွားထိုးကြီးမြို့နယ် မြောက်ခြမ်း၊ ပဲခင်းကြီးရွာအနီး တည်ဆောက်ထားသည့် NUG ၏ မြေအောက်ဆေးရုံကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းပြီးနောက် မိုင်းများ တပ်ဆင်ကာ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” လူနာတွေနဲ့ တခြားဆေးဘက်ဆိုင်ရာ ပစ္စည်းတွေရောက လွန်ခဲ့တဲ့ ၂ပတ်လောက်ကတည်းက စစ်ကြောင်းကြောင့် ရွှေ့ထားလို့ အထိအခိုက်မရှိဘူး။ စစ်ကြောင်းက ဖြတ်သွားရင်း ရှာတွေ့သလား၊ သတင်းပေးရှိတာကြောင့်လား ဆိုတာတော့ မပြောတတ်ဘူးဗျ ” ဟု နွားထိုးကြီးမြို့နယ်အခြေစိုက် PDFရဲဘော်တစ်ဦးက MPA ကို ပြောသည်။
၂၀၂၅ ခုနှစ်က ယင်းမြေအောက်ဆေးရုံကို ကျပ်သိန်း၁၀၀၀ ကျော် အကုန်အကျခံကာ တည်ဆောက် ခဲ့ပြီး ယင်းနှစ်အတွင်း၌ စတင်လည်ပတ်ခဲ့ကာ ဒေသတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေကို ဆေးကုပေးနေတဲ့ဆေးရုံတစ်ရုံလုံး ဖျက်ဆီးခံလိုက်ရတော့ တော်တော်နှမြောတာ ပေါ့။ ဒီနယ်က ပြည်သူတွေ မြို့ပေါ်တက် ဆေးကုဖို့လည်း မလွယ်ကူနေတဲ့အချိန်မှာ ဒီဆေးရုံရှိတာ တော်တော်အဆင်ပြေခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းမြေအောက်ဆေးရုံကို အပိုင်းလိုက်ခွဲကာ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း စစ်တပ်၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များ၌ ရုပ်သံဖိုင် ထုတ်ပြန်ထားသည်။
စစ်တပ်က ဆေးရုံဆေးခန်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေသောကြောင့် မြေအောက် ဆေးရုံ ၁၀ရုံအပါအဝင် လုံခြုံစိတ်ချရသည့် ဆေးရုံဆေးခန်းများ တည်ဆောက်နေကြောင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၂၀၂၅ခု အောက်တိုဘာလဆန်းပိုင်းတွင် ပြောကြားထားသည်။
ဓာတ်ပုံ – စစ်တပ် ဝါဒဖြန့်တယ်လီဂရန်ချန်နယ်
ပုံစာ – နွားထိုးကြီးမြို့နယ်ရှိ NUG မြေအောက်ဆေးရုံကို စစ်ကော်မရှင်က မိုင်းခွဲဖျက်ဆီးရန် ပြင်ဆင်နေစဉ်။
စာတည်း-ML
