ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်(လယ်ဒို)အတွင်း စစ်မှုထမ်းတပ်သားသစ် ၁၀ဦး ကေအဲန်ယူထံ အလင်းဝင်လာကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၂၀ရက်တွင် ခမရ၅၉၈တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ်၆ဦးသည် KNLA တပ်ရင်း၉ ထံသို့ အလင်းဝင်ခဲ့ပြီး ဖေဖေါ်ဝါရီ၁၇ရက်တွင် ခမရ ၄၃၉တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၄ဦး သည် တပ်မဟာ၃ လက်အောက်ခံ KNDO တပ်ရင်း၃ ထံသို့ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ၃၊ ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်သည်။
“ခမရ ၅၉၈ တပ်ရင်းက ရွှေကျင်ထဲမှာ ။ ခမရ၄၃၉ တပ်ရင်းကျတော့ ဖြူးအပိုင်၊ကညွှတ်ကွင်းမြို့မှာ အခြေစိုက်တာ။အဲဒီတပ်ရင်းတွေက ကျောက်ကြီးဘက် ရှေ့တန်းထွက်တဲ့အချိန် ပစ(စစ်မှုထမ်းတပ် သား)တွေ အုပ်စုလိုက် ပြေးကြပုံရတယ်။တပ်ရင်းထဲမှာရှိနေတဲ့အချိန် ပစ တွေကို လုံခြုံရေးတင်း ကျပ်လို့ ပြေးဖို့ မလွယ်ဘူး။စစ်ကြောင်းထွက်ချိန်ပဲ အလစ်ချောင်း ပြေးလို့ ရနိုင်တာ”ဟု နယ်စပ်ဒေ သအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
အဓမ္မစစ်မှုထမ်းဥပဒေထဲတွင် အမျိုးသား စစ်မှုထမ်းအသက်ကို ၁၈နှစ်မှ ၃၅နှစ်အတွင်းဟု ပြဌာန်း ထားသော် လည်း ခမရ၅၉၈ တပ်ရင်းမှ အလင်းဝင်လာသူ ၆ဦးအနက် တစ်ဦးမှာ အသက်၄၈နှစ်ရှိပြီ ဖြစ်ကြောင်း တပ် မဟာ၃ ထုတ်ပြန်ချက်အရ သိရသည်။
အလင်းဝင်လာသည့် တပ်သားများမှာ စစ်မှုထမ်းအပတ်စဉ် ၁၃ ၊ ၁၅နှင့် ၁၆ ဆင်းများဖြစ်ကြောင်း သိရသည်။
အလင်းဝင်တပ်သားများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး အဓမ္မစစ်မှု ထမ်းစေခိုင်းခံရသူများအနေနှင့် နီးစပ်ရာတော်လှန်ရေးတပ်များထံသို့ အလင်းဝင်ကြရန် ကေအဲန် ယူက တိုက်တွန်းထားသည်။
ဖေဖေါ်ဝါရီ၁၂ရက်ကလည်း ကျောက်ကြီးမြို့နယ်အတွင်း စစ်မှုထမ်း၉ဦး အလင်းဝင်လာကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသေးသည်။
စာတည်း-ML
