ကရင်နီစစ်ရှောင်များ တနိုင်တပိုင်စိုက်ပျိုးခွင့်မရသဖြင့် တာဝန်ရှိသူများ ဖြေရှင်းပေးစေလိုဟုဆို

ဓာတ်ပုံ-MPA
ပုံစာ-ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများအား တွေ့ရစဉ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ တနိုင်တပိုင် စိုက်ပျိုးခွင့်မရသဖြင့် တာဝန်ရှိသူများက ဖြေရှင်းပေးစေလိုကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များထံမှ သိရသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ရေလမ်းခရီးအသုံးပြုကာ သွားလာရသော ပွန်းချောင်း အမှတ် (၇) စစ်ရှောင်စခန်းတွင် တနိုင်တပိုင် စိုက်ပျိုးခွင့်မရသဖြင့် ဝမ်းရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းစခန်းတွင် စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

“ဒေသခံတွေက မြေမရှင်းရသေးတဲ့ စားကျက်မြေတွေမှာ တစ်နှစ်တော့ လုပ်ကိုင်ခွင့်ပေးတယ်။ တစ်နှစ်လည်းပြည့်ရော စိုက်ခွင့်မပေးတော့ဘူး။ ကျတော်တို့က အားလုံးရှင်းလင်းပြီးလို့ စိုက်ပျိုးလို့ အဆင်ပြေတော့မှ သူတို့ဟာသူတို့ ပြန်စိုက်စားကြတော့ တနိုင်တပိုင်တောင် စိုက်လို့မရတော့တာပေါ့။ ပြီးတော့ စစ်ရှောင်တွေအပေါ်လည်း ခွဲခြားဆက်ဆံတာမျိုးတွေရှိတယ်၊ အထက်လူကြီးတွေအနေနဲ့ အောက်ခြေအထိ သေချာကွင်းဆင်းစေချင်တယ်၊ တော်တော်ဒုက္ခဖြစ်နေကြလို့ပါ” ဟု ၎င်းက ပြောသည်။

အထက်ပါ အမှတ် (၇) စစ်ရှောင်စခန်းသည် ဘောလခဲမြို့ပေါ်မှ ရွှေ့ပြောင်းလာသူများဖြစ်ပြီး အလုပ်အကိုင် ရှားပါးမှုများကြောင့် ကြုံရာကျပန်းအလုပ်များဖြင့်သာ အသက်မွေးနေရကာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အမှတ် (၇) စစ်ရှောင်စခန်း တာဝန်ခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တကယ်တော့ ဒေသခံတွေက သူတို့ပိုင်မြေကို သူတို့လုပ်ကြတာပေါ့။ စစ်ရှောင်အနေနဲ့ကျတော့လည်း အဆင်မပြေကြတော့ တနိုင်တပိုင် စိုက်ပျိုးချင်ကြတာ။ အခုက တချို့ကတော့ ပေးစိုက်တယ်။ အများစုကတော့ သူတို့လည်း အဆင်မပြေကြလို့ ပြန်စိုက်ကြတော့ ကျွန်တော်တို့လည်း ပြောဖို့ခက်တာပေါ့။ အဓိကစိုက်တာကတော့ နှမ်းနဲ့ အိမ်စားသီးနှံတွေပါပဲ။ စစ်ရှောင်တွေထဲက ချောင်းနဲ့နီးတဲ့သူက ငါးရှာစားကြတယ်၊ အလုပ်ရရင် ရသလို လုပ်ကြတာပေါ့” ဟု ၎င်းက ပြောသည်။

အလားတူ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ဟိုဝမ်အရပ်ရှိ လင်းရောင်ခြည်စစ်ရှောင်စခန်းတွင်လည်း စိုက်ပျိုးမြေမရှိခြင်းနှင့် ဒေသခံများ၏ တောင်ယာများတွင်လည်း အလုပ်လုပ်ကိုင်ခွင့်မရသည့်အတွက် ၂၀၂၄ ခုနှစ်တွင် စားနပ်ရိက္ခာ ပြတ်လပ်သည့် အခြေအနေမျိုးကိုပင် ရင်ဆိုင်ခဲ့ရကြောင်း လင်းရောင်ခြည်စစ်ရှောင်စခန်း၏ ဒုတာဝန်ခံ ကိုရန်နိုင်စိုးက ပြောသည်။

“ကျတော်တို့က အာဏာစသိမ်းကတည်းက အစောဆုံး စစ်ရှောင်ခဲ့တာပေါ့။ စစ်ရှောင်တော့ သူများက စိုက်ခွင့်ပေးမှ စိုက်စားလို့ရတာလေ။ ပြီးတော့ ဒေသခံတွေက သူတို့အမျိုးတွေနဲ့ သူတို့သိတဲ့သူတွေလောက်ပဲ အလုပ်ပေး (စိုက်ပျိုးအလုပ်သမား) တာပေါ့။ ဘာမှလည်း စိုက်စားလို့မရ၊ ဝင်ငွေလည်းမရှိ၊ ဒေသခံကလည်း ခြံစိုက်ရင်လည်းမခေါ်နဲ့ ၂၀၂၄ မှာ ဝင်ငွေရော စားဖို့ပါ မရှိတော့တာပေါ့။ အခုလည်း အဆင်ပြေသလို လုပ်ကိုင်စားသောက်နေရတာပါပဲ” ဟု ၎င်းက ပြောသည်။

လင်းရောင်ခြည်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၃၂) စု၊ စစ်ရှောင်ပြည်သူ (၁၂၂) ဦးရှိပြီး အမျိုးသားများသည် ကြုံရာကျပန်းအလုပ်များကို လိုက်လံလုပ်ကိုင်နေရသလို ကျန်ရှိသူ အမျိုးသမီးများမှာလည်း အာဏာသိမ်းကာလအတွင်း ချေးငှားသူပင်မရှိတော့သည်အထိ ခက်ခဲလာခဲ့ကာ ယခင်လေးနှစ်တာကာလအတွင်း တစ်ကြိမ်သာ IEC ထံမှ အကူအညီရခဲ့ဖူးကြောင်း လင်းရောင်ခြည်စစ်ရှောင်ကော်မတီ၏ ဧည့်တွေ့မှတ်တမ်းများအရ သိရသည်။

ဒေသခံများမှ ခွင့်မပြုသဖြင့် တနိုင်တပိုင် စိုက်ပျိုးခွင့်မရသည့် စစ်ရှောင်စခန်းအရေအတွက်ကိုမူ မြေပြင်အခြေအနေများအရ MPA အနေဖြင့် အတိအကျ ဖော်ပြနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ဒီးဘောင်းခူမြို့နယ်တွင် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဝင်များ၊ အုပ်စုမှူးများနှင့် တပ်ရင်းတပ်ဖွဲ့များ အစည်းအဝေးပြုလုပ်ကာ ဆိုင်ခွန်များ ကောက်ခံခဲ့ပြီး လစဉ်အခွန်မပေးဆောင်နိုင်သည့် စစ်ရှောင်များမှ IEC ထံ တိုင်ကြားကြသဖြင့် အခွန်ကောက်ခံမှုအား ရပ်ဆိုင်းခဲ့သေးသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် နေရပ်အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရသည့် ပြည်သူ ၂ သိန်း ၅ သောင်းနီးပါးရှိပြီး စစ်ရှောင် ၁ သိန်း ၅ သောင်းခန့်သည် စစ်ရှောင်စခန်းများတွင် နေထိုင်ကြကာ ကျန်စစ်ရှောင်များမှာ ပြင်ပတွင် နေထိုင်ကြသူများဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။

စာတည်း-ကိုဆန်း