တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့ကြား ဖြစ်ပွားနေသည့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ ယမန်နေ့( ဖေဖော်ဝါရီ ၂၀ ရက်)တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
တိုက်ပွဲကာလ ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေမှာလည်း ထပ်တိုးလာနေသောကြောင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေအတွက် အကူအညီအထောက်အပံ့များ လိုအပ်နေခြင်းဖြစ်သည်။
“စစ်ဘေးရှောင်က အရင်ကနဲ့ အခုအသစ်တိုးလာတာဆိုရင် အားလုံးစစ်ဘေးရှောင်လူဦးရေ သုံးသောင်းခွဲနီးပါးလောက် ရှိပါတယ်။ အဓိကကတော့ နေရာထိုင်ခင်းနဲ့ စားဝတ်နေရေးပါပဲ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက MPA သို့ ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်း၌ နေထိုင်ကြသည့် ဒေသခံပြည်သူ ၅၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး ကျန် ၅၀ ရာခိုင်နှုန်းသည် တံငါသည်အလုပ်ဖြင့် အသက်မွေးကြသူများဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲကာလအတွင်း ပင်လယ်ကို အမှီပြုပြီး ရေလုပ်ငန်းဖြင့် အသက်မွေးကြသူများမှာ စစ်ကော်မရှင်ရေတပ်က ဖမ်းဆီးစစ်ဆေးခြင်းများကို ပြုလုပ်နေသောကြောင့် ယင်းလုပ်ငန်းကို တွင်ကျယ်စွာ မလုပ်ကိုင်နိုင်ခဲ့ကြပေ။
ထို့ကြောင့် ဒေသခံများအနေဖြင့် ဝမ်းရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် ထပ်မံစစ်ဘေးရှောင်ကြရသောကြောင့် အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင်လာရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက အခုလိုပြောသည်။
“ရေထဲက နေဗီက တောက်လျှောက် အနှောင့်အယှက်ပေးနေတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတာ ကြာပြီ။ အဲဒီအထဲ အခုနောက်ပိုင်း စစ်ရှောင်လာရတော့ ပိုပြီး အကျပ်အတည်းဆိုက်သွားသလိုပါပဲ” ဟု အဆိုပါအမျိုးသားက ပြောသည်။
လက်ရှိတွင် ရခိုင်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့က အရေးပေါ်လိုအပ်ချက်များကို ကူညီနေသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် အခြားမြို့ရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် တောတောင်၊ လယ်ကွင်းပြင်တို့တွင် ဖြစ်သလို ခိုလှုံနေကြရသည်။
အသစ်ထပ်တိုးလာကြသည့် စစ်ဘေးရှောင်များမှာလည်း ယာယီခိုလှုံရာ တဲအိမ်ငယ်များကို အုန်းပျစ်များနှင့် ဖြစ်သလို ကာရံပြီး နေထိုင်နေကြရသည်ဟု ဆိုသည်။
“ကျောက်ဖြူက စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး အများကြီး အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေက အဆမတန် များလာတာကိုး။ စားဝတ်နေရေးကလည်း အဆမတန် ကျပ်တည်းလာကြတော့ အခက်အခဲက ပိုပြီး များလာနေတယ်” ဟု အထက်ပါ စစ်ဘေးရှောင်အရေး ကူညီပေးနေသူက ပြောသည်။
ဒါ့အပြင် စစ်ဘေးရှောင်များအတွက် သောက်သုံးရေရရှိရေးသည်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသလို၊ တစ်ဖက်တွင်လည်း နာတာရှည်ရောဂါအခံရှိသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဆိုသည်။
စာတည်း-ကိုဆန်း
