Eleven Media Group အယ်ဒီတာချုပ်က ကျော်မျိုးမင်းကို ကာကွယ်ပေးပြီး CDM များကို စော်ကား

ပုံစာ- ကျော်မျိုးမင်းနှင့် ကျော်ဇောလင်းအားတွေ့ရစဉ်

ပုံစာ- ကျော်မျိုးမင်းနှင့် ကျော်ဇောလင်းအားတွေ့ရစဉ်စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သော ပြည်တွင်းသတင်းဌာန Eleven Media Group ၏ အယ်ဒီတာချုပ် ကျော်ဇော်လင်းက စစ်တပ်ဝါဒဖြန့် သတင်းသမား ကျော်မျိုးမင်းအား ကာကွယ်ပြောဆိုလိုက်ပြီး CDM လှုပ်ရှားမှုကိုပါ ပုတ်ခတ်စော်ကားသည့် စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကျော်မျိုးမင်းအား အမည်ပျက်စာရင်းသွင်းခြင်းကို Eleven Media က တုံ့ပြန်သည့် သတင်းတစ်ပုဒ်တွင် အယ်ဒီတာချုပ် ကျော်ဇော်လင်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“နောက် ၅ နှစ်မှာ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းချင်း သွားရတော့မယ်။ လွတ်လပ်ခွင့်တွေက တဖြည်းဖြည်းချင်း အရင်လို ပြန်ရလာလိမ့်မယ်။ ငါနဲ့ မတည့်ရင်၊ ငါနဲ့ မကြိုက်ရင် သတင်းမထည့်နဲ့တို့၊ သတင်းမယူနဲ့တို့ ဆိုတာ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်တုန်းကဟာတွေပါ။ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်တွေပါ။” ဟု ကျော်ဇော်လင်းက ကျော်မျိုးမင်းဘက်မှ ကာကွယ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား တုံ့ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။

ထို့ပြင် CDM လှုပ်ရှားမှုနှင့် ပတ်သက်၍လည်း ၎င်းက “ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာပြည်မှာ မိသားစုဘဝ ပျက်သွားတဲ့လူက သိန်းချီရှိနေတယ်။ လှုံ့ဆော်ခဲ့ကြတဲ့သူတွေက ဘာမှမဖြစ်ဘူး။ ပြီးတော့ ဘွဲ့တွေတက်ယူ၊ အကယ်ဒမီတွေတက်ယူ။ ပြီးတော့ သူတို့က သူတို့ကို ရေးရင် မကြိုက်ဘူးဆိုတော့ တော်တော်တော့ ခက်ကုန်တာပေါ့။ တစ်ပတ်အတွင်း CDM တောင့်ခံရင် ပြီးတော့မယ်တို့၊ ပြီးတော့ ပြည်သူတွေက တစ်သက်လုံး ကျွေးထားမှာပါတို့ ဘာတို့ အလွန်အကျွံ ပြောခဲ့ကြတယ်လေ။ အဲဒီလို စလှုံ့ဆော်တဲ့ထဲ ဘယ်သူတွေ ပါခဲ့ကြသလဲ။ အခုတော့ ဘွဲ့တွေပေး၊ ချီးမြှင့်မြှောက်စားနေကြ။ ဒါပေမဲ့ နိုင်ငံရေးအပြောင်းအလဲကာလမှာ မှတ်တမ်းတွေ အများကြီးရှိတယ်။ ငါးနှစ်အတွင်းမှာ လူတွေရဲ့ သမိုင်းတွေ၊ ကိုယ်ပြောခဲ့တဲ့ စကားတွေ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေ ကျန်ခဲ့ပါတယ်။ တကယ်တော့ မတရားပါဘူးဗျာ။” ဟု ကျော်ဇော်လင်းက ပြောထားသည်ကို တွေ့ရသည်။

Eleven Media Group အယ်ဒီတာချုပ် ကျော်ဇော်လင်း၏ အဆိုပါ ပြောဆိုမှုသည် မသူတော်အချင်းချင်း ကာကွယ်ပေးနေခြင်းဟု မဲဆောက်မြို့၌ တိမ်းရှောင်နေရသည့် ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

“သတင်းစာဆရာတစ်ယောက်ရဲ့ အကြီးမားဆုံး အရှက်တရားဟာ အာဏာရှင်ရှေ့မှာ ဒူးထောက်ပြီး ပြည်သူ့ဘက်တော်သားတွေကို ပြန်လည်စော်ကားခြင်းပဲ ဖြစ်တယ်။ သမိုင်းက ဘယ်သူဟာ ပြည်သူ့ဘက်မှာ ရှိခဲ့ပြီး၊ ဘယ်သူဟာ ငွေဝယ်ကျွန် ဖြစ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားပါလိမ့်မယ်။” ဟု အဆိုပါ သတင်းသမားက ပြောသည်။

ထို့ပြင် ၎င်းက “CDM ဆိုတာ ရာထူးနဲ့ လစာထက် အနာဂတ်နဲ့ သိက္ခာကို ပိုတန်ဖိုးထားတဲ့ လူထုတိုက်ပွဲရဲ့ ကျောရိုးဖြစ်တယ်။ ဒီစွန့်လွှတ်မှုကို စော်ကားတဲ့ စကားလုံးတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ရဲ့ ဖိနပ်အောက် ရောက်နေပြီလို့ ကြေညာလိုက်တာနဲ့ အတူတူပဲ။” ဟုလည်း ကျော်ဇော်လင်းအား ဝေဖန်ထောက်ပြသည်။

Eleven Media Group သည် ဦးသိန်းစိန်အစိုးရကာလက NLD ဘက်မှ ရပ်တည်ရေးသားခဲ့သလို အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ယင်းနောက် NLD အစိုးရတက်လာချိန်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Eleven Media တို့ ပြဿနာဖြစ်ပြီးနောက် NLD အစိုးရအား ပြင်းထန်စွာ ပြန်လည်ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာအရေးကိစ္စတွင်လည်း စစ်တပ်၏ ပုံဖျက်ထားသော သတင်းတုများအား သတင်းမှန်သဖွယ် သတင်းသမားကျင့်ဝတ် မလိုက်နာဘဲ အမျိုးသားရေးအစွန်းရောက်ဝါဒ ကိုင်စွဲကာ ဖြန့်ဝေခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းချိန်တွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများအား မရေးသားရဲခဲ့ဘဲ စစ်တပ်အလိုကျ သတင်းများကို ရေးသားတင်ဆက်ခဲ့သည်။

လတ်တလောကာလတွင်လည်း Eleven သတင်းဌာနက KIA ၏ ဌာနချုပ် လိုင်ဇာမြို့အား ဗုံးကြဲတိုက်ခိုက်ရန် ဆော်သြမှုများ ပြုလုပ်နေသည့် သတင်းဌာနလည်း ဖြစ်သည်။

စာတည်း-ကိုဆန်း