ကရင်နီပြည်နယ်အား စစ်ကော်မရှင်တပ်မှ စစ်မျက်နှာစုံဖွင့်ကာ တိုက်ခိုက်လျက်ရှိကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ပြီး ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးအား စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးကာ ကုန်သွယ်ရေးနှင့် သွားလာရေးများ ဖြတ်တောက်ခဲ့သလို၊ ဖားဆောင်းမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဖေဖော်ဝါရီလထဲမှာပဲ ဖားဆောင်းကို တိုက်နေသလို မော်ချီးဆိုလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်၊ ပြီးတော့ မိုးဗြဲဘက်မှာလည်း လုံခြုံရေး သေချာပြင်နေတယ်ပေါ့။ ဒီးမော့ဆိုဘက်ဆိုလည်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက လုံးဝသွားလို့မရတော့ဘူး၊ ကုန်စည်ဝင်ရာ လမ်းကြောင်းဖြစ်တဲ့ ဖားဆောင်းတံတားနဲ့ ပွန်းချောင်းတံတားတွေလည်း မိုင်းခွဲထားတဲ့ အနေအထားမျိုးပေါ့၊ မနေ့ကဆို မယ်စဲ့အထိ လေယာဉ်လာပတ်ပြီး ပြန်သွားတာမျိုးအထိ မြေပြင်၊ ဝေဟင်အပြင် လက်နက်ကြီးနဲ့ ဒရုန်းပါသုံးပြီး စစ်မျက်နှာစုံဖွင့် တိုက်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ယမန်နေ့ည ၁၁ နာရီ ၅၅ မိနစ်ကလည်း မော်ချီးအား စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာနှင့် ဘက်စုံသုံး စစ်ထောက်ပို့ယာဉ် Y-12 နှစ်စီး အသုံးပြုကာ ရေပူအထက်ပိုင်းနှင့် လိုခါးလိုအရပ်တို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယခုနှစ်အတွင်း ကရင်နီပြည်နယ်သို့ စစ်ကော်မရှင်မှ စစ်မျက်နှာစုံဖွင့် တိုက်ခိုက်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်များကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
“ကျနော်တို့ ကနဦး သုံးသပ်ထားတဲ့အတိုင်းပါပဲ။ စကစ ရွေးကောက်ပွဲအပြီး စစ်ရေးတိုးမြှင့် တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်။ စစ်ရေးအရ ဖိအားပေးမှုနှင့် နိုင်ငံရေးအရ တပြိုင်တည်း ဖိအားပေးတဲ့ သဘောဖြစ်သလို နယ်မြေပြန်လည် ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတကာမှာ သူတို့ဘက်က အလုံးစုံ စီမံအုပ်ချုပ်နိုင်ပြီဆိုတဲ့ ပြရုပ်နဲ့ တရားဝင်မှုကို ပြန်ရနိုင်အောင်ပါ” ဟု ၎င်းက ပြောသည်။
ယနေ့မနက် ၈ နာရီ ၃၀ မိနစ်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စီး ဖြတ်သန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင်လည်း လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း MPA ၏ မြေပြင်ရင်းမြစ်က ပြောသည်။
ဖားဆောင်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး MPA မှ မြေပြင်ရဲဘော်တစ်ဦးအား မေးမြန်းရာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ပြောသည်။
“မနေ့ည ၈ နာရီလောက်မှာ ဖားဆောင်းမှာ ထိတွေ့မှုရှိတယ်၊ လက်နက်ကြီးတွေလည်း ထုတယ်၊ မြို့တွင်းကို ပြန်တိုးနေတာပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့မနက် ဖားဆောင်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေသဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ကရင်နီပြည်သူများအနေဖြင့် ယခင်ထက် ပိုမိုသတိထားကာ နေထိုင်သွားလာကြရန် လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) က MPA မှတစ်ဆင့် သတိပေးသည်။
