သထုံမြို့ပေါ်တွင် တောက်လျှောက် ပေါ်တာဆွဲ၊ သိန်း၁၀၀ ဝန်းကျင်ပေးမှ ပြန်လွတ်

မွန်ပြည်နယ်အတွင်းရှိ သထုံမြို့ပေါ်တွင် စစ်တပ်က တောက်လျှောက်ဆိုသလို ပေါ်တာဆွဲနေပြီး ကျပ်သိန်း၁၀၀ ဝန်းကျင်ပေးမှ ပြန်လွတ်ကြောင်း သိရသည်။

သထုံမြို့ပေါ်တွင် ညဘက် ကင်းလှည့်စစ်ကားနှင့် တိုးသည့် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲနေ သည်မှာ ၂၀၂၅ခုနှစ်ကတည်းကဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ရွာအချို့တွင်လည်း ရံဖန်ရံခါ ပေါ်တာဆွဲကြောင်း ဒေသခံအချို့ထံက သိရသည်။

“သထုံမြို့ပေါ်မှာတော့ တောက်လျှောက်ဆွဲတယ်။ကျိုက်ထိုနဲ့ ဘီးလင်းမှာတော့ မကြားမိဘူး။ဒီဘက် နောက်ပိုင်း ပေါင်မြို့မှာလည်း ပေါ်တာဆွဲလာတယ်။အဓိက ဆွဲနေတာကတော့ သထုံပဲ”ဟု မွန်ပြည် နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။

သထုံမြို့တွင် ပေါ်တာဆွဲခံရသူများမှာ ကျပ်သိန်း၆၀ မှ သိန်း၁၀၀ကျော်ပေးမှ ပြန်လွတ်ကြောင်း သိရ သည်။

“တလောက ကျိုက္ကော်နဲ့ နောင်ဘိုဘက်မှာ ပေါ်တာဆွဲခံရတဲ့သူတွေထဲက ငွေနဲ့ညှိပြီး ပြန်လွတ်လာ တာနည်းနည်းရှိတယ်။သိန်း၇၀ ပေးလိုက်ရတယ်”ဟု သထုံမြို့နယ်အတွင်းရှိ စစ်ရေးသတင်းရင်းမြစ် က ဆိုသည်။

ဖေဖေါ်ဝါရီ ၁၀ ရက်၊ ည ၇ နာရီကျော်မှစ၍ မွန်ပြည်နယ်၊သထုံမြို့နယ်၊ကျိုက္ကော်မြို့၊ပဲခူးစုရပ်ကွက် ထဲ၊ နောင်ဘိုရွာ အာဝါဒေးပွဲသို့ သွားသူများနှင့် ယင်းပွဲမှ ပြန်လာသူများကို စစ်တပ်က ပေါ်တာဆွဲခဲ့ ရာ အယောက်၅၀ကျော် ပါသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ မော်လမြိုင်တစ်ကြောတော့ ပေါ်တာဆွဲတာ မရှိဘူးလို့ပဲ ပြောရမယ်။သေချာပြောနိုင်တာ က ချောင်းဆုံဆို လုံးဝမဆွဲဘူး။မော်လမြိုင်ဆိုရင်လည်း အခုဒီနှစ်ကစပြီး ပေါ်တာဆွဲတယ်လို့ အခိုင် အမာ သိရတာမျိုး မရှိဘူး။ရေး(ရေးမြို့နယ်)တို့ဘာတို့ အောက်ဘက်ခြမ်း နည်းနည်းဆွဲတာမျိုး ရှိနိုင် တယ်။မော်လမြိုင်ဝန်းကျင်တော့ မဆွဲဘူးပဲ ပြောရမယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမား တစ်ဦးက ပြောသည်။

စစ်တပ်က ပေါ်တာဆွဲနေသော်လည်း သထုံမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပေါ်တာကြေးလည်း ကောက်နေကြောင်း သိရသည်။

စာတည်း-ML