စပါးတင်း ၇၀ ရောင်းချရသည့်ငွေသည် လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုအတွက်ပင် လောက်ငမှုမရှိဖြစ်နေ

စာတည်း-ကိုဆန်း ဓာတ်ပုံ - ပေးပို့ ပုံစာ - သာယာ၀တီမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းနေမှု

By Zwe Ko / MPA

ယခုနှစ် မိုးစပါး ရိတ်သိမ်းချိန်တွင် စပါးစျေးအလွန်ကျဆင်းနေပြီး စပါးတင်း ၇၀ ရောင်းချမှုမရရှိသည့် ငွေသည် လယ်တစ်ဧက ကုန်ကျစရိတ်ပင် လောက်ငမှုမရှိသောကြောင့် တောင်သူများ အရှုံးပေါ်နေကြောင်း ပဲခူးတိုင်းအတွင်းရှိ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ သက်ငယ် မိုးစပါးများကို ရိတ်သိမ်းနေခြင်းဖြစ်ပြီး လယ်တစ်ဧကလျှင် တင်း ၇၀ ထွက်ရှိရန် မလွယ်သော်လည်း သက်ငယ်စပါး ၅၂ ပေါင် စပါးတင်း ၇၀ ပေါက်စျေးသည် ၇သိန်းဝန်းကျင်ခန့်ရှိခြင်းကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု သာယာ၀တီမြို့နယ်မှ အသက် ၄၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။

“အခုနှစ် စပါးစိုက်တဲ့တောင်သူတွေ အကုန်ရှုံးကြတဲ့နှစ်ပဲ၊ စပါးမျိုးဖိုး၊ လယ်ထွန်စက်ခ၊ ပေါင်းသတ်ဆေးဖိုး၊ ဓာတ်မြေဩဇာဖိုး၊ အလုပ်သမားခ၊ စပါးရိတ်ချွေခတွေက တစ်ဧကကို ၇သိန်းမကဘူး။ မိုးစပါးက တစ်ဧက ၇၀ထွက်ဖို့ဆိုတာ မလွယ်ဘူး။ ပျမ်းမျှ ၅၀၊ ၆၀ ပဲထွက်တယ်” ဟု ၎င်းက ပြောသည်။

ယမန်နှစ်(၂၀၂၄ခုနှစ်) မိုးစပါး ရာသီတွင် စပါးတင်း ၁၀၀ ပေါက်စျေးသည် ၁၈သိန်းဝန်းကျင်ခန့်ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ထက်ဝက်နီးပါး စပါးစျေးကျဆင်းသွားသော်လည်း ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး နှင့် ပိုးသတ်ဆေး စျေးနှုန်းများသည် ပိုမိုမြင့်တက်လာသည့်အတွက် တောင်သူများ အရှုံးပေါ်အရှုံးဆင့်နေရခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ မှ တောင်သူတစ်ဦးက ပြောသည်။

“စပါးစျေးသာ ထိုးကျသွားတာ မြေဆီစျေးကတက်သွားတယ်။ မနှစ်က ပုလဲတစ်အိတ် ခုနှစ်သောင်းကျော်ကျော်ပဲပေးရတာ၊ အခုနှစ်က တစ်သိန်းတစ်သောင်း၊ တစ်သိန်းနှစ်သောင်းပေးရတယ်။ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတွေလည်း နှစ်သောင်း၊ သုံးသောင်းစျေးတက်သွားတယ်။ အဲ့ဒီတော့ ဘယ်တောင်သူက မရှုံးဘဲနေမှာလဲ ” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ စပါးစျေးအလွန်ကျဆင်းကာ အရှုံးဖြင့်ရင်ဆိုင်နေရသည့် တောင်သူများသည် စပါးခင်းများကို ဖျက်ဆီးပြီး ပဲငပိ၊ မတ်ပဲများ အစားထိုးစိုက်ပျိုးနေရကြောင်း မိုးညိုမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။

“စပါးစိုက်လိုက်သေးတယ်။ စပါးစျေးက မကောင်းတော့ သက်ငယ်စပါးတွေပဲ ရိတ်တာ၊ ကျန်တဲ့စပါးတွေ မစောင့်တော့ဘူး။ အကုန်ဖျက်ပြီး ပဲငပိတွေကြဲလိုက်တယ်။ အကိုတို့ မိသားစုတင် ဧက ၃၀လောက်ဖျက်လိုက်တာ၊ သူ့ရိတ်ဖို့စောင့်နေရင် ပဲက နောက်ကျပြီလေ၊ နောက်ကျတော့ အထွက်နှုန်းနည်းတာပေါ့၊ စျေးကောင်းလို့ စောင့်နေရရင်တော်သေး။ အခုက စပါးစျေးက ဘာမှ လုပ်မရဘူး ” ဟု ၎င်းက ပြောသည်။

စပါးစျေးကျဆင်းနေသည့်အပြင် သက်ငယ်စပါးများကို ဝယ်ယူမည့် ကုန်သည်ရှားပါးမှုကိုလည်း တောင်သူများ ရင်ဆိုင်နေရကြောင်း မင်းလှမြို့နယ်၊ စစ်ကွင်းရွာမှ အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။

“အခုစပါးက လှိုင်လှိုင် မပေါ်သေးဘူး။”
“စပါးကခု လှိုင်လှိုင်မပေါ်သေးဘူး၊ သက်ငယ်စပါးလောက်ပဲရိတ်ရသေးတယ်၊ သူပေါ်ကိုပေါ်ဆိုဝယ်မယ့်ကုန်သည်ကမရှိတော့ဘူး၊ စပါးဈေးမကောင်းလို့ မရောင်းသေလို့ လှောင်ထားအုံးမယ်ဆိုလဲ မနှစ်က စပါးအဟောင်းတွေတောင်ဝယ်မယ်သူမရှိဘူး၊ အဲဒီတော့ ရတဲ့ဈေးနဲ့ပဲရောင်းနေရတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်စိုက်ပျိူးသီးနှံများ ဈေးနူန်းကျဆင်းခြင်း၊စိုက်ပျိုးသွင်းအားစုစရိတ်များဈေးနူန်းမြင့်တတ်ခြင်း၊သဘဝဘေးများကြောင့် သီးနှံစိုက်ခင်းများပျက်စီးခြင်းများကြုံတွေ့နေရသည့်အတွက် တောင်သူများဆုံးရှုံးမှုများနှင့် ကြုံတွေကာ လယ်ယာမြေများကိုရာင်းချ၍ စိုက်ပျိူရေးလုပ်ငန်းများကိုစွန့်လွှတ်လာကြသည်။

ယင်းအပြင် စစ်တပ်က စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်းပြီးချိန်မှစ၍ လူငယ်လူရွယ်အမျိုးသမီး၊အမျိူးသားများကို ပေါ်တာဆွဲဖမ်းဆီးမှုများတွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာတာကြောင့် လူငယ် လူရွယ်အမျိုးသားအမျိုးသမီးများပြည်တွင်းပြည်ပသို့တိမ်းရှောင်သွားခြင်းကြောင့် စိုပ်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားရှားပါးမှုများနှင့်ကြုံတွေ့နေရသည်။

စာတည်း-ကိုဆန်း