ကရင်နီပြည်တွင် ရေရှည်ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ဆရာမ လိုအပ်ချက်များရှိနေ

ဓာတ်ပုံ- MPA
ပုံစာ -၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို အနောက်ခြမ်းရှိ ဆေးခန်းနှင့် စာသင်ကျောင်းတစ်ခုအား စစ်တပ်ဗုံးကြဲပြီးနောက် မြင်ကွင်း

ကရင်နီပြည်နယ်တွင် ရေရှည်ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမ လိုအပ်ချက်များရှိနေကြောင်း IEC၊ ပညာရေးဌာနက ပြောသည်။

စစ်မျက်နှာပြင်နှင့် နီးကပ်စွာရှိနေသည့် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် စာသင်ကျောင်း ၃၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃,၅၀၀ အား ဆရာ၊ ဆရာမအင်အား ၃၃၀ဖြင့် ပညာသင်ကြားပေးနေပြီး အထက်တန်းဘာသာရပ်များကို သင်ကြားပေးရန် ဆရာ၊ ဆရာမများစွာ လိုအပ်လျက်ရှိကြောင်း ပြည်သူအခြေပြု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“အထက်တန်းမှာ ဘာသာတွဲတွေ များသွားတဲ့အခါမှာ အဓိကလိုအပ်ချက်က ဆရာ၊ ဆရာမတွေပေါ့။ အခုလက်ရှိရှိနေတဲ့ ဆရာမကလည်း သင်ကြားပေးတာတော့ ရှိတယ်၊ သို့ပေမဲ့ လိုအပ်ချက်အရ Volunteer တွေ ပိုများတာပေါ့နော်။ လာမယ့် ပညာသင်နှစ်မှာတော့ ဒီထက်အတွေ့အကြုံတွေ ရှိထားတဲ့ ဆရာ၊ ဆရာမတွေဖြစ်စေ၊ လက်တွေ့မှာ အတွေ့အကြုံဆိုတာထက် သင်တန်းရရှိထားတဲ့ ဆရာ၊ ဆရာမတွေ ပိုလိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဆရာ၊ ဆရာမ အင်အားနည်းပါးလာခြင်းသည် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများကြောင့် နှုတ်ထွက်သွားရခြင်းဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ်ရှိ ကျောင်းဆရာ၊ ဆရာမများက ပြောသည်။

“ဥပမာ ဆိုပါတော့ တစ်ယောက် တစ်သောင်းဆို ငါးယောက်လောက်ဆို အဲ့ဒီငါးယောက် ကျောင်းထားရတဲ့ မိသားစုဆိုရင် လစဉ် တစ်လ ၅ သောင်းလောက် ပေးရရင် မိသားစုအနေနဲ့ စားဝတ်နေရေးတောင်မှ ခက်ခဲတဲ့ကာလမှာ ဒါမျိုးတွေ ကောက်ခံတဲ့အခါကျတော့ အဆင်မပြေဖြစ်တယ်။ တစ်ဖက်မှာ ပြန်ကြည့်ရင်လည်း လူ့အရင်းအမြစ်ရှားတဲ့အချိန်မှာ ဒီ Volunteer လုပ်နေတဲ့ ဒီဆရာ၊ ဆရာမအနေနဲ့ကလည်း သူတို့မှာ စားဝတ်နေရေး ဖူလုံမှုမရှိဘူး။ ဒီမှာဆရာမတွေ ရေရှည်တည်တံ့ဖို့ဆိုတာက မလွယ်ဘူးပေါ့နော်။ တခြား အလုပ်ထွက်လုပ်တာမျိုးတွေ ဒါမှမဟုတ်ရင် နိုင်ငံရပ်ခြားသွားတာမျိုးတွေလည်း ကြုံတွေ့နေရတယ်ပေါ့” ဟု ဒီးမော့ဆို အနောက်ခြမ်းရှိ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ဆရာ၊ ဆရာမများ၏ စားဝတ်နေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ထောက်ပံ့ငွေများကိုသာ ပုံမှန်ပေးအပ်နိုင်ပါက ရေရှည်သင်ကြားနိုင်မည့် ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်လိုသူများပါ တိုးပွားလာနိုင်ကြောင်း ဒီးမော့ဆို အရှေ့ခြမ်းရှိ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ဒီတော်လှန်ရေးကာလလည်း ဖြစ်တဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်တော့ ပေးဆပ်နိုင်ကြတယ်။ ကြာရှည် ဒီတော်လှန်ရေးနဲ့ ယှဉ်ကြာလာတဲ့အခါမှာ ဆရာ၊ ဆရာမတွေကတော့ ကိုယ်လွတ်ရုန်းဆိုတဲ့သူလည်း ရှိလာတယ်။ တစ်ဖက်မှာတော့ တော်လှန်ရေးအသီးသီး ဆက်လုပ်နေတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိသေးတယ်။ ဆရာ၊ ဆရာမတွေက နိုင်ရာကဏ္ဍကနေ ဝင်တယ်။ ဆရာ၊ ဆရာမတွေ အရည်အချင်း၊ အရည်အသွေးပြည့်ဖို့က အဓိက သင်တန်းတွေပေးဖို့လည်း လိုသလို ဆရာ၊ ဆရာမတွေလည်း ရေရှည်မှာ မြဲနိုင်ဖို့၊ ကလေးတွေအပေါ် အရည်အသွေးတွေပြည့်ပြီး တကယ်ထိရောက်စွာ လက်ဆင့်ကမ်းနိုင်ဖို့ကလည်း ဆရာ၊ ဆရာမတွေအတွက်လည်း လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ကရင်နီတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကုန်ဈေးနှုန်းနှင့် စစ်ရှောင်လူဦးရေ အဆမတန် များပြားလာမှုကြောင့် “အခမဲ့ပညာရေးစနစ်” အား လက်ရှိတွင် အကောင်အထည်မဖော်နိုင်သေးကြောင်း (IEC) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဒါကတော့ ကိုယ့်တစ်ယောက်အမြင်နဲ့ဆိုရင်တော့ ကြိုးစားပြီးတော့ ယူရမယ်။ အဲ့ဒီအပေါ်မှာ စိန်ခေါ်မှု အခက်အခဲတွေတော့ အများကြီးရှိလိမ့်မယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒီကာလ အခင်းအကျင်းအရကတော့ အင်မတန်မှ ပညာရေးဌာနအနေနဲ့ ခက်ခဲမှာဖြစ်သလို တစ်ဖက်က မိဘတွေအနေနဲ့လည်း ကြိုးစားယူရတဲ့ အခန်းကဏ္ဍတွေနဲ့ ခက်ခဲဦးမယ်။ ဖြစ်တော့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုတော့ ပေးရမယ်” ဟု ၎င်းက ပြောသည်။

ကျောင်းမနေနိုင်သည့် ကလေးသူငယ်များသည် ကရင်နီပြည်အတွင်း ရှိနေဆဲဖြစ်ပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာသင်ကြားရသည့်အတွက် မွေးချင်းများသူများမှာ ပညာရေးဘက်တွင် အားသာသူကိုသာ ဦးစားပေးခြင်းနှင့် စစ်ကော်မရှင်၏ လေကြောင်းရန်အား မိဘများက စိုးရိမ်၍ ကျောင်းမထားခြင်းဖြစ်ကြောင်း MPA က စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စာရင်းများအရ ကရင်နီပြည်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း စုစုပေါင်း ၄၃၈ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၅၇,၀၆၆ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကရင်နီပြည်တွင်း အခမဲ့ပညာရေးစနစ် ဖော်ဆောင်ရန် ခက်ခဲနေခြင်းမှာ ဘတ်ဂျက်အရင်းအမြစ် မလုံလောက်ခြင်း၊ ကုန်ဈေးနှုန်း မြင့်မားခြင်းနှင့် စစ်ရှောင်ဦးရေ များလာရာမှ အလုပ်လက်မဲ့ အရေအတွက် တိုးပွားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း MPA က စုံစမ်းသိရှိရသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ- MPA
ပုံစာ -၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို အနောက်ခြမ်းရှိ ဆေးခန်းနှင့် စာသင်ကျောင်းတစ်ခုအား စစ်တပ်ဗုံးကြဲပြီးနောက် မြင်ကွင်း