ပုလဲတွင် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံတို့ အထူးသတိပြု နားစွင့်နေရ

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်တွင် စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုး နေသဖြင့် ပြည်သူများ အထူးသတိပြု နားစွင့်နေရကြောင်း သိရသည်။

ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း‌ဘေးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲထိုး‌‌နေပြီး ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ပုလဲမြို့ပေါ်မှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းသည် ပုလဲ-ဂန့်ဂေါလမ်းမကြီး၏ မြောက်ဘက်ရှိ သေတ္တရာရွာနှင့် ကြောင်သန်းကျေးရွာ၌ တပ်စွဲခဲ့ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက် ၉ နာရီခန့်က ကြောင်သန်းကျေးရွာမှ ဆင်ရှင်ကျေးရွာဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် ထွက်ခွာသွားကာ ဆင်ရှင်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေကြောင်း ဒေသခံပြည်သူအချို့ထံက သိရသည်။

“ကြောင်သန်းက နဂါးရွာလေ။ အဲဒါကြောင့် ဒီနား တဝဲလည်လည်လုပ်နေတာဖြစ်မှာပေါ့။ ဆင်ရှင်ကကောင်တွေလည်း ဘယ်ကို ဆက်သွားမယ် မသိရသေးဘူး။ ပြည်သူတွေကလည်း ရှောင်ရတာ ရက်ကြာလာရင် သူတို့ပစ္စည်းတွေ ပျောက်ဆုံးပျက်စီးမှာ ကြောက်ကြတော့ လူငယ် တွေလောက် ရှောင်ကြတာ။ ကြီးတဲ့သူတွေ နေလို့အဆင်ပြေလောက်တဲ့သူတွေက နေခဲ့ကြတာ။ သတိကတော့ ထားနေရတာပေါ့။ အခုက ပဲရိတ်တဲ့အချိန်လည်းဆိုတော့ ဟိုက လာပြီဟေ့၊ ဒီက လာပြီဟေ့ဆို ရှောင်ဖို့လိုတဲ့လူတွေက လွတ်တဲ့နေရာလေး ခဏသွားရှောင်။ နည်းနည်းငြိမ်ပြီဆို ပြန်ဝင်လာကြပေါ့”ဟု ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က ပုလဲမြို့မှထွက်လာသည့် ဆိုင်ကယ် ၁၅ စီး ၊ နောက်တွဲ ထွန်စက် တစ်စီးနှင့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် မြကုန်းကျေးရွာမှတစ်ဆင့် စေတီယျုံကျေးရွာဘက်နှင့် ဇောင်ချမ်းကုန်းကျေးရွာဘက်သို့ စစ်ကြောင်း ၂ ကြောင်းခွဲထွက်သွားပြီး ဇောင်ချမ်းကုန်းကျေးရွာမှ စစ်ကြောင်းသည် အသက် ၃၀ ကျော်နှင့် အသက် ၅၀ အရွယ် အမျိုးသား ၂ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးကာ ကျွန်းဘိုကုန်းကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံနောက်တစ်ဦးထံက သိရသည်။

“ကျွန်းဘိုကုန်းမှာက အလှူရှိတယ်။ သူတို့ကရွာထဲကို သေနတ်တွေဖောက်ဝင်တာလေ။ ၆၀ လောက် တော့ရှိမယ်။ သူတို့ နောက်တွဲမှာ ပေါင်းအိုးကအစ အကုန်ပါလာပြီး သူတို့ဘာသာ ချက်ပြုတ်နေကြ တာ။ ပုခုံးမှာ အပွင့်တွေနဲ့ ဗိုလ်ထင်ပါတယ်။ သူက အလှူကို ရွာထဲရှိနေတဲ့သူတွေခေါ်ပြီး ရှင်လောင်း လှည့်ခိုင်းတယ်လေ။ ပြီးတော့ ဘာလို့ပြေးတာလဲ၊ သူတို့ကို မလုပ်ရင် သူတို့က ဘာမှမလုပ်ပါဘူး၊ အလှူလုပ်ကြပါဆိုပြီး ပြောတယ်။ သူတို့မှာ လိုင်းစက်(ဝိုင်ဖိုင်စက်)တွေလည်းပါတယ်။ သူတို့က အနောက်ဘက်တောက်လျှောက်ဆက်သွားမယ် ထင်တယ်။ ပစ္စည်းတွေက အစုံပါတာ။ ပုခုံးပေါ်ထမ်း ပစ်တဲ့ဟာတွေရော ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းစစ်ကြောင်း ကျွန်းဘိုကုန်းကျေးရွာသို့ ရောက်ရှိချိန်တွင် ဇောင်ချမ်းကုန်းကျေးရွာမှ ဖမ်းဆီးခဲ့ သည့် ပြည်သူ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ဒီအတိုင်းဆို ပေလမ်းတောက်လျှောက် တောင် ၊ မြောက် ညှပ်ပြီး အနောက်ဘက် (မင်းတိုင်ပင်)ထိ ဆက်တိုးသွားမယ် ထင်တယ်”ဟုပုလဲအခြေစိုက် တော်လှန်ရေး ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ကျွန်းဘိုကုန်းကျေးရွာမှ စစ်ကြောင်းသည် နွယ်ရှောက်ကျေးရွာသို့ ဆက်ထွက်လာပြီး နွယ်ရှောက်ကျေးရွာမှ ပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
စာတည်း-ML