Vape ပိတ်ပင်မှုအပေါ် လူငယ်နှင့် Night Life အသိုင်းအဝိုင်းကြား ဝေဖန်မှု မြင့်တက်

ဓာတ်ပုံ-လူမှုကွန်ရက်

Vape၊ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသောက်သုံးမှုအား အာဏာသိမ်းစစ်တပ်က ပိတ်ပင်လိုက်ခြင်းအပေါ် ဆယ်ကျော်သက်များနှင့် night life တွင် ကျင်လည်နေသူများ မကျေမနပ်ဖြစ်နေကြကြောင်း Vape သောက်သုံးသူများထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ပြီး Vape၊ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သောက်သုံးရောင်းချမှုကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဆယ်ကျော်သက်များအနေဖြင့် ၎င်းတို့သည် အီးစီးကရက်သောက်သုံးခြင်းကို ဆေးလိပ်သောက်သုံးခြင်းကဲ့သို့ ကျန်းမာရေးကို မထိခိုက်ဟု ရှုမြင်သဖြင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းအပေါ် အမျှော်အမြင်မရှိသည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးလိပ်မသောက်ဘူးလေ။ pod လေးပဲ သောက်တာ၊ ဆေးလိပ်သောက်သလို ကျန်းမာရေးလည်း ထိခိုက်တာမဟုတ်ဘူး။ pod သောက်တာ ဖမ်းမယ်ဆိုတော့ ကျွန်တော်တို့က စီးကရက် သောက်ရတော့မှာလား” ဟု ဗဟန်းမြို့နယ်မှ ဆယ်ကျော်သက်လူငယ်တစ်ဦးက ပြောသည်။

မိန်းကလေးငယ်များအပါအဝင် ဆယ်ကျော်သက်များအကြားတွင် Vape သောက်သုံးမှုမှာ ခေတ်စားနေသည့် ဖက်ရှင်တစ်ခုကဲ့သို့ ဖြစ်နေပြီး Vape သောက်သုံးခြင်းသည် ဖက်ရှင်ကျသည့် လုပ်ရပ်အဖြစ် အများစုက ရှုမြင်သည်ဟု သိရသည်။

“၅ တန်း၊ ၆ တန်း ကလေးတွေကအစ အငွေ့တလူလူလုပ်နေကြတာ။ စျေးကလည်း ၂ သောင်း၊ ၃ သောင်းလောက်နဲ့ အနည်းဆုံး ရနေတော့ သူတို့ မုန့်ဖိုးနဲ့ တတ်နိုင်နေကြတာလေ။ ဆရာကျတယ်ပေါ့ pod လေးကိုင်ထားရင် သူတို့အထင်မှာ” ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ဆယ်ကျော်သက်များအပြင် night life များတွင် ကျင်လည်နေကြသူများကလည်း ယခုကဲ့သို့ Vape ပိတ်ပင်ခြင်းကို စိတ်ပျက်နေကြသည်ဟု သိရသည်။

၎င်းတို့အနေဖြင့် Party Drugs ဟု ခေါ်ကြသည့် ဟက်ပီးဝါးတား (Happy Water)၊ အိုက်စ် (မက်သာဖက်တမင်း)၊ ဆေးခြောက် စသည့် မူးယစ်ဆေးဝါးများအား Vape တွင် ထည့်သွင်းသောက်သုံးခြင်းဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးမှုများအား လွတ်လွတ်လပ်လပ် ရှောင်နိုင်ခွင့် ပျောက်ဆုံးသွားသဖြင့် စိတ်ပျက်နေကြခြင်းဖြစ်သည်။

“pod ထဲကို ဟက်ပီးလည်း ထည့်သောက်လို့ရတယ်။ ရေခဲ (အိုက်စ်) လည်းရတယ်။ ဝိ (Weed) လည်းရတယ်။ ကနေတုန်း မတက်လို့ တက်ချင်ရင် Vape လေး ကောက်ရှိုက်လိုက်ရုံပဲ။ ပြီးတော့ ရဲတွေရှေ့လည်း ပေါ်တင် pod လေးဆွဲထားသောက် သူတို့မသိဘူး။ အခုတော့ မရတော့ဘူး” ဟု night life ပျော်မွေ့သူ အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးက ပြောသည်။

အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းရောင်းချသူအချို့သည် အာဏာသိမ်းစစ်တပ်၏ ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်အပြီး ၎င်းတို့၏ ရောင်းချမှုများကို ရပ်ဆိုင်းလိုက်သော်လည်း လက်ဝယ်ရှိပစ္စည်းများကို မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေသည်ဟု သိရသည်။

ထို့ပြင် Vape သောက်သူများအကြားတွင်လည်း လက်လွှဲရောင်းချမှုများ ဖြစ်ပေါ်နေပြီး လူမှုကွန်ယက် private group များ၌ မှောင်ခိုရောင်းချမှုများ စတင်ပေါ်ပေါက်လာနေသည်ကိုလည်း တွေ့ရသည်။

“ဆိုင်တွေက မရောင်းတော့ဘူး ကြေညာတာပေါ့။ ဒါပေမဲ့ pod သောက်နေကျသူတွေအတွက်က ဝယ်ရတာ မခက်ပါဘူး။ ခက်တာက အခုလို ပိတ်ပင်လိုက်တော့ မှောင်ခိုဖြစ်သွားပြီး စျေးမှန်မရတော့တဲ့ ပြဿနာတွေ ဖြစ်လာတာပဲ” ဟု Vape သောက်သုံးသူ လူငယ်တစ်ဦးက ပြောသည်။

ထို့အတူ စီးပွားရေးလေ့လာသူတစ်ဦးကလည်း လတ်တလောတွင် Vape အရောင်းဆိုင်များမှ ပစ္စည်းများကို ဝယ်ယူမှုများ ရှိလာပြီးနောက် မှောင်ခိုစျေးကွက်တွင် စျေးတင်ရောင်းချမှုများ ရှိလာနိုင်သည်ဟု ဆိုသည်။

“ဘာမှမလုပ်နဲ့၊ ငွေရင်းထားနိုင်ရင် ဒီတိုင်းထား။ တချို့ကြောက်ပြီး အစိုးရိမ်လွန်တဲ့ ဆိုင်တွေက အောက်စျေးနဲ့ ပြန်ရောင်းရင် ဝယ်ထား။ ကန့်သတ်ထားတဲ့ တားထားတဲ့ ပစ္စည်းဆိုရင် စျေးက ၂ ဆ တက်သွားတတ်တယ်။ လူငယ်၊ လူကြီး အများစုမှာ Vape သောက်တဲ့ ရာခိုင်နှုန်းက ဆေးလိပ်သောက်တဲ့သူထက် များတယ်။ အချိန်ခဏစောင့်၊ စျေးကွက်အခြေအနေကိုကြည့်၊ ပြီးရင် night life ကနေ စပြီးပြန်ထိုးဖောက်၊ စျေးကို ပိုမြှင့်၊ Marketing plan ကိုပြောင်း (ဥပမာ- အခု VPN ရောင်းနေတဲ့သူတွေလိုပေါ့)။ အဓိက online ကနေသွား၊ party drugs တွေတောင် သူ့စျေးကွက်နဲ့သူ ရှိနေတာပဲ။ Vape က အဲ့လောက် မဆိုးသေးပါဘူး။ စီးပွားရေးလုပ်တာ အကြောက်လွန်၊ အစိုးရိမ်လွန်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး “အရင်က VPN တွေကိုလည်း စာထုတ်ပြီး အရေးယူတာ ဆီးခဲ့တာပဲ။ သူတို့ မထိန်းချုပ်နိုင်ဘူးလေ။ ကိုယ်ရင်းထားတဲ့ ပစ္စည်းတွေကုန်ရင်၊ ငွေပေါ်ရင် တခြား business တစ်ခုခုပြောင်း။ အခြေအနေကောင်းလို့ ဆက်သွားချင်ရင်လည်း သဘော။ ဒါက စီးပွားရေးတစ်ခုအမြင်နဲ့ အပြုသဘောဆောင်ပြီး ပြောတာပါ” ဟုလည်း ဆိုသည်။

အီးစီးကရက် သောက်သုံးခြင်းကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ စသည့် ရောဂါများ ဖြစ်ပွားနိုင်ပြီး ကိုယ်ဝန်ဆောင်သည်များတွင်လည်း ကလေးအသေမွေးခြင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်နိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များက အတိအလင်းဆိုထားသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အီးစီးကရက်အား ဆေးလိပ်ဖြတ်ရန် အစားထိုးသောက်သုံးခြင်းသည် ဘေးကင်းသည့် နည်းလမ်းမဟုတ်ဘဲ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်းကြောင့် မပြုလုပ်ရန် တားမြစ်ထားသည်။

အာဏာသိမ်းစစ်တပ်သည် ယခုကဲ့သို့ အီးစီးကရက် ပိတ်ပင်ခြင်းအား ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် “အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ” ဖြင့် အရေးယူပိတ်ပင်ရန် ကြေညာထားခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ အီးစီးကရက် သောက်သုံးရောင်းချသူများအား အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု သိရသည်။