စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွတ်ရွာရှိ ရွှေမှော်ဈေးတန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ရက်၊ မွန်းလွဲ ၃ နာရီခန့်က ပဲနုပ်ဆွတ်ရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စင်းဖြင့် ဗုံး၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ယင်းရွာရှိ ရွှေမှော်ဈေးတန်းသို့ ဗုံးကျရောက်ခဲ့ပြီး ပြည်သူများသေ ဆုံး ခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၆ဦး သေဆုံးတယ်။ ဗုံးစထိမှန်ပြီး သေသွားတယ်ပဲပြောရမယ်။ ခါးတို့၊ ခေါင်းတို့မှာ ထိမှန်တာပါ။ ဈေးသည်တွေနဲ့ ရွှေတူးကြတဲ့လုပ်သားတွေပဲ ရှိတဲ့နေရာပါ။ ဗုံးကြဲပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အခြေအနေလာကြည့်ကြတာတော့ ရှိပေမဲ့ PDF တွေ နေလို့ လာပစ်တယ်ဆိုတာတော့ မဟုတ်ဘူး။ အရပ်သားနေတဲ့နေရာပါ ” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေ ကြောင်း သိရသည်။
” ဒဏ်ရာရသူတွေထဲ အသက်အန္တရာယ်စိုးရိမ်ရသူ ၂ဦးရှိတယ်လို့တော့ သိထားရတယ်။ အမျိုးသားလား၊ အမျိုးသမီးတွေလားဆိုတာတော့ သေချာမသိနိုင်သေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးကျရောက်မှုကြောင့် ဈေးတန်းရှိ မော်တော်ယာဉ်များနှင့်ဆိုင်ခန်းများလည်း ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဟုမ္မလင်းမြို့သို့ လာရောက်ခဲ့သေးသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ တစ်ရက်မှ ၂၀ ရက်အထိ စစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းရှိ အရပ်သား ပြည်သူ ၄၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရသည်။
