ပြန်လွှတ်လိုက်သော နဂါးရဲဘော် ၅ ဦး စစ်တပ်နှင့် ပေါင်းနိုင်သဖြင့် ပကဖ ပြန်ထိန်းသိမ်း

မိသားစုထံ ပြန်ချင်သည်ဟုဆို၍ ပြန်လွှတ်လိုက်သည့် နဂါး ရဲဘော် ၅ဦးကို စစ်တပ်ရှိရာသို့ သွားနေ ကြောင်း သံသယရှိသဖြင့် ပကဖက ပြန်လည်ထိန်းသိမ်းလိုက်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၈ရက်က နဂါးနှင့်အဖွဲ့ စစ်တပ်ထံ လက်နက်ချသွားပြီးနောက် ပကဖ၊ ပအဖနှင့် ယင်းမာ ပင်ခရိုင်တပ်ရင်းများထံ ခိုလှုံနေကြသည့် BNRA ရဲဘော်ဟောင်းများထဲမှ ၅ဦးကို ပြန်လွှတ်လိုက်သော် လည်း စစ်ကြောင်းရှိရာသို့ ဦးတည်သွားနေသဖြင့် ပြန်လည်ထိန်းသိမ်းထားကြောင်း ယင်းမာပင်ခရိုင် PDF ရဲဘော်တစ်ဦးထံက သိရသည်။

” ဒေါင်းညို တပ်ခွဲက ရဲဘော် ၅ယောက်ကို တစ်နေ့က ယုံကြည်ရတယ်ဆိုပြီး မိသားစုတွေဆီ ပြန် ချင်တယ်ဆိုလို့ ရဲဘော် တစ်ယောက် တစ်သိန်းပေးပြီး ပြန်လွှတ်လိုက်တာ။ မနေ့ည တစ်နာရီက ခွေး စစ်ကြောင်းရှိရာ ဦးတည်သွားပြီး ခွေးနဲ့ ပေါင်းမယ့်အခြေအနေမို့ ကျေးရွာ ပကဖ တွေ ပြန်ထိန်း လိုက်ရတဲ့ အခြေအနေတော့ ရှိတယ်ဗျ” ဟု ၎င်းက MPA သို့ပြောသည်။

ပုလဲမြို့နယ်၊ ငှက်ပျောတွင်းနှင့် ကိုင်းတောရွာတွင် အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်း ရောက်ရှိ နေကြောင်း သိရသည်။

NUGတပ်ရင်းများထံသို့ ပူးပေါင်းလာသည့် BNRA ရဲဘော် ၁၅၀ကျော်ရှိပြီးစစ်တပ်ထံ လက်နက်ချ သွားသည့် အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စစ်တပ်သတင်းချန်နယ် မြဝတီက ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များအပြင် BNRA ၁၃ဦးနှင့်အတူ လက်နက်ချခဲ့ကြောင်း ထုတ်ပြန်ထားသည်။