စစ်တပ်ခန့် လှိုင် အုပ်ကြီး လူသေဆုံးမှုကြောင့် အရေးယူခံရခြင်းမရှိ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက် အချုပ်ခန်းထဲမှ ခုန်ချထွက်ပြေးသည့် လူငယ်တစ်ဦး သေဆုံး သွားခြင်းကြောင့် အုပ်ချုပ်ရေးမှူး အရေးယူခံရခြင်းမရှိကြောင်း သိရသည်။

လှိုင်မြို့နယ်၊၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အချုပ်ခန်းမှာ အဆောက်အအုံ၏ ၄ထပ်အမြင့်တွင် ရှိပြီး ဖေဖေါ်ဝါရီ၆ရက်ညက စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံထားရသည့် လူငယ်၂ဦး ခုန်ချခဲ့ခြင်း ဖြစ်ကာ တစ်ဦး သေဆုံးသွားခဲ့သည်။

“၁၁ရပ်ကွက် အုပ်ကြီး စိန်သန်းဆိုတာ စစ်တပ်ခန့်ထားတာ။ဥပဒေအရဆို ရပ်ကွက်ရုံးမှာ အချုပ်ခန်း လုပ်ခွင့်မရှိဘူး။အခုလို တရားမဝင်ဆောက်ထားတဲ့ အချုပ်ခန်းကနေ ထွက်ပြေးလို့ သေသွားတာမျိုး က အုပ်ကြီး သေချာပေါက် ထောင်ထဲရောက်ရမှာလေ။အေးဆေးပဲ။အလုပ်လည်း မပြုတ်ဘူး။ရပ် ကွက်ထဲမှာ လွှားလွှား လွှားလွှားနဲ့ မာန်တက်နေတယ်”ဟု လှိုင်မြို့နယ်၊၁၁ရပ်ကွက်နေ အသက်၅၀ ကျော်အရွယ်ရှိ အိမ်ရှင်မတစ်ဦးက MPAသို့ပြောသည်။

ခုန်ချခဲ့သည့် လူငယ်၂ဦးအနက် လက်ကျိုးဒဏ်ရာရသွားသည့် လူငယ်နောက်တစ်ဦး၏ နောက်ဆက် တွဲအခြေအနေကိုမူ သတင်းမရတော့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Hlaing Info မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ လူသေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးမှူး အရေးယူခံရမှုရှိ၊မရှိကိုမူ “အုပ်ကြီးက မပြုတ်ဘူး။အချုပ်ခန်းလည်း မပိတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ခုန်ချခဲ့သည့် လူငယ်၂ဦးမှာ လှိုင်မြို့နယ်၊၁ရပ်ကွက်နှင့် ၁၅ရပ်ကွက်တို့က ဖြစ်ပြီး ၁၁ရပ်ကွက်အုပ်ချုပ် ရေးမှူး စိန်သန်းနှင့်အဖွဲ့က စစ်မှုထမ်းအတွက် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“သေသွားတဲ့ကလေးရဲ့ မိဘတွေ ဘယ်လောက်ခံစားရမလဲ။စိန်သန်းကတော့ သားသမီးချင်း ကိုယ်ချင်းစာရကောင်းမှန်းမသိဘူး။စစ်တပ်နဲ့ပေါင်းပြီး ငွေရှာစားဖို့ပဲ သိတယ်”ဟု ၁၁ရပ်ကွက်နေ အိမ်ရှင်မက ဆက်လက်ပြောသည်။

စိန်သန်းသည် ရာအိမ်မှူးဘဝက တစ်လ တစ်သိန်းသာပေးရသော ကန်ထရိုက်တိုက်၏ အမြင့်ဆုံးအ ထပ်တွင် အိမ်ဌားနေခဲ့ရာမှ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ ၁၁ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ် လာခဲ့ ပြီး မကြာမီ တစ်လ ၆သိန်းပေးရသော အိမ်ကို ဌားနေနိုင်ခဲ့ကြောင်း သိရသည်။

၁၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် စံပယ်ခြံ ၁လမ်းထဲတွင် တည်ရှိသည်။