ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် အမျိုးသား၂ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ အဲဗားမျောခြံတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်က ယင်းစခန်းအနီးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသား ၂ဦးကို ပစ်သတ်ထားခြင်းဖြစ်ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ဒီမနက်ကမှ ယူမာကျေးရွာက စစ်မရှောင်ဘဲ လုံခြုံရာနေရာတွေကမှ နေနေကြတဲ့ပြည်သူတွေက အလောင်းတွေ့တယ်ဆိုပြီး သက်ဆိုင်ရာကို အကြောင်းကြားလို့ လူမှုကူညီရေးအသင်းတွေက သွား ကောက်ပြီး ဆိပ်မူသုသာန်ကို ပို့လိုက်ပြီဗျ။ ၂ယောက်စလုံးက ယူမာရွာသားတွေတော့ မဟုတ်ဘူး။ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာတော့ မသိရဘူး ” ဟု ၎င်းက MPA ကို ပြောသည်။
ပစ်သတ်ခံရသူနှစ်ဦးအနက် တစ်ဦးမှာ ဆိပ်မူကျေးရွာအထကမှ ဆရာမတစ်ဦး၏တူဖြစ်ပြီး ကျန်တစ် ဦး၏ ကိုယ်ရေးအချက်အလက်ကိုမူ မသိရသေးပေ။
” ဆရာမတူက ဦးနှောက်သိပ်မပြည့်ဘူးလို့သိရတယ်။ သူက ဒီလိုပဲ လျှောက်သွားနေကြ။ သူပျောက် နေတာလည်း ဒီလ ၁၉ရက်နေ့ကတည်းက သိရတယ်။ ကျန်သူကတော့ ဘယ်သူ ဘယ်ဝါလည်း မသိရဘူး။ ဆိပ်မူကျေးရွာက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားပေမဲ့ ကျောင်းကတော့ စစ်တပ်ဘက် က ဖွင့်ထားတဲ့ကျောင်းပါ။ ကလေးတွေရဲ့ ပညာရေးကြောင့် နားလည်မှုနဲ့ ဖွင့်ထားတာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ ၃၁ရက် နံနက်ပိုင်းမှစ၍ ယနေ့အထိ ဖားကန့်- ယူမာ – ဆိပ်မူလမ်းပိုင်းကို စစ်ရေးမ ငြိမ်သက်မှုကြောင့် လမ်းပိတ်ထားသဖြင့် ပြည်သူများက ကွင်းလမ်းများမှ သွားလာနေကြကြောင်း သိရသည်။
၂၀၂၄ခု၊ အောက်တိုဘာက ဖြစ်ပွားခဲ့သော ဆိုင်းတောင်ကျေးရွာ တိုက်ပွဲအပြီးတွင် စစ်တပ်က ယူမာကျေးရွာ အဲဗားကုမ္ပဏီ၏မျောခြံ၌ ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
