စစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်များတွင် ပါဝင်ပတ်သက်နေသည့် သင်္ဘောနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို

ဓာတ်ပုံ - Justice For Myanmar

မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်များတွင် ပါဝင်ပတ်သက်နေသည့် သင်္ဘောနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar (JFM) ကတောင်းဆိုလိုက်သည်။

မြန်မာစစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ပတ်သက်သည့် သင်္ဘောများနှင့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ညှိနှိုင်းချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို ချက်ချင်းချ မှတ်ရန်နှင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုများကို အသေအချာတားမြစ်ပိတ်ပင်ရန် အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျအစိုးရများအား တောင်းဆိုကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

“ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေပြီး မြန်မာပြည်သူတွေကို လေကြောင်းတိုက် ခိုက်မှုတွေနဲ့ အကြမ်းဖက်နိုင်ဖို့ အားပေးကူညီနေပါတယ်။ ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်း အပေါ် ထိရောက်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တစ်ချိန်တည်း မှာ ပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူ‌နေကြပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်အုပ်စုနှင့် လေယာဉ်ဆီ ဆက်လက်ကုန်သွယ်နေခြင်းသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အားဖြည့်ပေးနေခြင်း ဖြစ်ပြီး စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ပြင်ဆင်နေချိန်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် မကြုံစဖူး များပြားလှသည့် လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း Justice For Myanmar ကဆိုသည်။

” မြန်မာစစ်တပ်ဆီကို ရောက်ရှိလာတဲ့ လေယာဉ်ဆီတင်ပို့မှုတိုင်းက သူတို့ရဲ့ စစ်လေယာဉ်တွေကို ဝေဟင်ကနေ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နိုင်စေဖို့ အားပေးကူညီနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးတွေကို ညှိနှိုင်းပေါင်းစပ်အရေးယူမှုတွေကတစ်ဆင့် တားဆီးနိုင်ပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောတွေ၊ ၎င်းတို့ရဲ့ ပိုင်ရှင်‌တွေ၊ မန်နေဂျာတွေနဲ့ အခြားအဖွဲ့အစည်းတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံအသီးသီးမှာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နိုင်သလို၊ မဖြစ်မနေလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု မရတနာမောင်က ဆက်လက်ပြောသည်။
အစိုးရများအနေဖြင့် ယင်းအကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်၏ အဓိကအင်အားများဖြစ်သော သင်္ဘောများ၊ သင်္ဘောပိုင်ရှင်များ၊ စီးပွားရေးနှင့်အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု (ISM) မန်နေဂျာအဖွဲ့များ၊ လေယာဉ်ဆီသိုလှောင်ဆိပ်ကမ်းနှင့် စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး တိုးချဲ့ချမှတ်ရန် ယခုပင်လုပ်ဆောင်ရမည်ဟု JFM ကထုတ်ပြန်သည်။

ယင်းသို့ အရေးယူ ဆောင်ရွက်ခြင်းသည် စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နိုင်စွမ်းအား အဟန့်အတားဖြစ်စေရုံသာမက၊ အီရန်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ရက်ရက်စက်စက် ဖြိုခွင်းနေချိန်၌ အီရန်နိုင်ငံ၏ လောင်စာဆီ တင်ပို့နိုင်စွမ်းကို ကန့်သတ်ရန်ရည်ရွယ်ထားသည့် လက်ရှိပိတ်ဆို့အရေးယူမှုများကိုလည်း ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်ကြောင်း JFMကဆိုသည်။

စစ်အုပ်စု၏ တရားမဝင်ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မတ်ထရစ်တန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ရှိလာခဲ့ပြီး ၂ဆနီးပါး တိုးလာခဲ့ကြောင်း သိရသည်။