ဂန့်ဂေါမြို့နယ်၊ သာကောင်းရွာပတ်ဝန်းကျင်ကို မြတ်သူဦးဆောင်သည့် ယောကာကွယ်ရေးတပ်(YDF)မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ဟုဆို

ဓာတ်ပုံ-YDF

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ သာကောင်းရွာပတ်ဝန်းကျင်ကို မြတ်သူဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင် (၄၀) ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၁၁ နာရီအချိန်ခန့်တွင် သာကောင်းရွာ၏ တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်များမှ အဖွဲ့ (၃) ဖွဲ့ခွဲ၍ ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာပေါ်တွင် ကင်းထောက်ဒရုန်းများကိုလည်း လွှတ်တင်ထားခဲ့ကြောင်း သိရသည်။

“လက်နက်ငယ်က အချက် (၁၀၀) ဝန်းကျင်ပစ်တယ်။ လက်နက်ကြီးက ၅ ချက်ပစ်တယ်။ လက်နက်ကြီးကတော့ ရွာနားတွေကျတာပါ့။ အထိအခိုက်တွေတော့ မရှိဘူး” ဟု ဒေသခံသတင်းရင်းမြစ်က MPA သို့ ပြောသည်။

ထိုသို့ ရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်မှုများကြောင့် နေအိမ်နှင့်လူထိခိုက်မှုမရှိသော်လည်း ရွာသူရွာသားများအနေဖြင့် ထိတ်လန့်ခဲ့ကြရကြောင်း သိရသည်။

“တချို့ သက်ကြီးရွယ်အိုတွေဆိုရင် လန့်လို့ သွေးတိုးတွေပေါ်လို့တွေဖြစ်တယ်လို့ပြောတယ်။ အဓိက လက်နက်ကြီးတွေနဲ့ပစ်တာကဆိုးတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ သာကောင်းကျေးရွာတွင် ထိုရက်များအတွင်းက ကျေးရွာဘုရားပွဲ ကျင်းပပြုလုပ်နေသည့်ရက်များဖြစ်ပြီး ယခုလိုလုပ်ရပ်အပေါ် ဒေသတွင်းဝေဖန်မှုများလည်း ရှိနေသည်။

“အဓိကတော့ သာကောင်းရွာမှာဘုရားပွဲရှိတော့ YDF ကောင်းကောင်းအဖွဲ့က ရဲဘော်အချို့လည်း ခွင့်ယူပြီး ပြန်လာကြတာရှိတယ်။ အဲ့ဒါကို လာဝိုင်းပြီး ဖမ်းချင်တာလော၊ ခြောက်ချင်တာလော အဲ့ဒါပါ့” ဟု ယောဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။

ယောကာကွယ်ရေးတပ် (YDF) သည် ၂၀၂၅၊ မေလအတွင်းကစ၍ နှစ်ဖွဲ့ကွဲနေပြီး မြတ်သူဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) နှင့် ကောင်းကောင်းဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) – မြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီဟူ၍ ရှိနေကြခြင်းဖြစ်သည်။

ထိုအချိန်က မြတ်သူဦးဆောင်သည့် YDF အဖွဲ့မှ ခွဲထွက်သွားသော ကောင်းကောင်းအဖွဲ့အား ထောင်ဖောက်ထွက်ပြေးသွားသည့် ရာဇဝတ်သားများအဖြစ် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်၍ လိုက်လံဖမ်းဆီးမှုများရှိခဲ့သည်။

ကောင်းကောင်းဦးဆောင်သည့် YDF အဖွဲ့မှလည်း ဦးဆောင်သူမြတ်သူ၏ အာဏာအလွဲသုံးစားလုပ်မှုများ၊ ဘဏ္ဍာငွေမရှင်းလင်းမှုများနှင့် တပ်တွင်းရဲဘော်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်းကို သတင်းမီဒီယာများတွင် ပြန်လည်ဖြေရှင်းထားခဲ့သည်။

ကောင်းကောင်းဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) သည် ၂၀၂၅ ခု၊ ဒီဇင်ဘာလအတွင်းက ဂန့်ဂေါမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သော ယောမြေစစ်ဆင်ရေး (Yawland Operation) တွင် ပါဝင်ခဲ့ပြီး ကျဆုံးသွားသော ရဲဘော် (၂) ဦး၏ နာရေးပြုလုပ်စဉ် မြတ်သူဦးဆောင်သည့်အဖွဲ့မှ ဝိုင်းဝန်းတိုက်ခိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သဖြင့် နာရေးပြုလုပ်ခြင်းကို ရပ်နားခဲ့ရသည့် ဖြစ်စဉ်တစ်ခုရှိခဲ့ဖူးသည်။

ယင်းအပြင် မြတ်သူဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) က ခွဲထွက်သွားသော ယောကာကွယ်ရေးတပ် (YDF) – မြေပြင်စစ်ဒေသဦးဆောင်ကော်မတီမှ ဦးဆောင်သူ ကောင်းကောင်းအပါအဝင် ယောလင်း၊ ဝေစိုးထိုက်၊ နိုင်မင်းစိုးနှင့် ပိုင်ဇင်ကျော် (ခ) မဲမောင် စသည့် (၅) ဦးကို တပ်တွင်းပုန်ကန်မှု၊ အကျဉ်းထောင်ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးမှုစသည့် ပြစ်မှုများဖြင့် ဖမ်းဆီးရန် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ထားသေးသည်။

ဂန့်ဂေါမြောက်ပိုင်း၊ သာကောင်းရွာအနီး လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍မူ မြတ်သူဦးဆောင်သည့် ယောကာကွယ်ရေးတပ် (YDF) ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။