ကြေးနီနှင့် လက်နက်ခဲယမ်းတင်ကားများကို PDF တိုက်ခိုက်၊ စစ်အုပ်စုဝင် ၂ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - AREA 71 LPDF Monywa

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မအူဂိတ်အနီးတွင် ကြေးနီနှင့် လက်နက်ခဲယမ်းတင်ကားများကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ရက်၊ ညနေ ၆နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော သံပြားကာကား ၆ စီး၊ ကြေးနီတင်တွဲကား ၆ စီးနှင့် ၁၂ဘီးကား ၂စီးတို့ကို မုံရွာမြို့နယ်၊ မအူကျေးရွာနှင့် မြေနဲကျေး ရွာကြား၌ ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ၅စီးမြောက် သံပြားကာကား တစ်စီးနဲ့ ကြေးနီတင်ကား ၂စီးဖြတ်တဲ့အချိန်မှာ မိုင်းဆွဲတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲလိုက်တော့ အဲဒီကား ၃စီးက ထိုးရပ်သွားပြီး သံပြားကာကားပေါ်က ဝပ်လိုက်လာတဲ့ စစ်သားတွေက ကားပေါ်ကနေ ၅ယောက် ပြုတ်ကျလာတာကို မျက်မြင်ဖြစ်တယ်။ မအူဂိတ်နားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကလည်း ပြန်ပစ်တယ်။ ခဏကြာတော့ နမခကနေ မအူဂိတ်ကို စစ်ကူရောက်လာပြီး ပွိုင့် 5 တွေနဲ့ ပစ်ကူပေး ပြီး ဒဏ်ရာရတဲ့လူတွေရော သေတဲ့သူတွေရော လာသယ်သွားတယ်။ မိုင်းမိတဲ့ သံပြားကာကားကို တော့ မအူဂိတ်မှာပဲ ထိုးထားပြီး ကျန်တာတွေက နမခထဲကို ဆက်သွားတယ် ” ဟု AREA 71LPDF Monywa( မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်း တပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( နမခ ) ၌ ကုသမှုပေးနေကြောင်း သိရသည်။

” သူတို့က ကြေးနီသယ်တာအပြင် စစ်ကိုင်း တပ်မ ၃၃ ကနေ နမခထဲကို စစ်ကိုင်းကဖမ်းလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ လာပို့တာတို့၊ နမခကနေ လက်နက်ခဲယမ်းပြန်သယ်တာ၊ ပို့တာ၊ နခမထဲ ဖမ်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို စစ်ကိုင်းကို ပို့တာတို့ တောက်လျှောက်လုပ်နေတာ။ ခုလည်း လက်နက်ခဲယမ်းလာပို့တာလို့ သိထားရတယ်။ သံပြားကာကားပေါ်မှာ အမြဲ စစ်သားတွေ ဝပ်ပြီး လိုက်လာတတ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

‌ဖေဖော်ဝါရီ ၂၃ရက်တွင် စစ်တပ်က မအူဂိတ်အနီး၌ ကင်းပုန်းဝပ်ခြင်းကို လူအင်အား တိုးမြှင့်လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

မုံရွာ နမခ သို့ ရောက်ရှိနေသော ယင်းကားများမှာ ယနေ့(ဖေဖေါ်ဝါရီ၂၄ရက်)နံနက်အထိ စစ်ကိုင်းမြို့ တပ်မ ၃၃ ဘက် သို့ ပြန်လည်ထွက်ခွာခြင်း မရှိသေးပေ။

ယင်းတိုက်ခိုက်မှုကို 1- GOLDEN TARGET FORCE.GTF၊ BRAVE HEART ARMY-BHA၊ MONYWA SPECIAL -ဒိတ်ဒိတ်ကြဲ-PDF၊ တိုက်နယ်-၄-ပလဖ ၊ MONYWA DYNAMITE – STFနှင့် AREA 71LPDF Monywa( မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်း တပ်ဖွဲ့) တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။