NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန စုစုပေါင်းဝန်ထမ်းအင်အား၏ ရာခိုင်နှုန်း၆၀မှာ CDM များ ဖြစ်ကြောင်း သိရသည်။
NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူသို့ အစီရင်ခံတင်ပြ ချက်ကို ဖေဖေါ်ဝါရီ၂၃ရက်က ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသလို ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ထောက်ပံ့ကြေးများ ပံ့ပိုးပေးလျက်ရှိကြောင်းလည်း ဆိုသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရှိ CDM ဝန်ထမ်းများသည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များနှင့် လက်တွဲပူးပေါင်းကာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
“CDMတွေကို ဒီလောက်ခန့်ထားတာ အခုထုတ်ပြန်မှပဲ သေချာသိရတယ်။တခြားဝန်ကြီးဌာနတွေ မှာလည်း CDM တွေကို ဘယ်လောက်ခန့်ထားသလဲဆိုတာ ထုတ်ပြန်သင့်ပါတယ်။ထောက်ပံ့ကြေး တွေ ဘာတွေ သိပ်မပေးနိုင်တာကတော့ အားလုံး နားလည်ကြမယ်ထင်ပါတယ်။CDMဝန်ထမ်းတွေ ကို NUG ဌာနတွေမှာ မူဝါဒတစ်ခုအနေနဲ့ ခန့်ထားသင့်ပါတယ်”ဟု ရန်ကုန်တိုင်းအတွင်းရှိ CDM ဆရာမတစ်ဦးက MPAသို့ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အထောက်အပံ့မ ရရှိသော်လည်း ဖိတ်ဖက်၊အရပ်ဘက်အဖွဲ့အစည်းများ အကူအညီဖြင့် တော်လှန်ရေးအထောက်အကူ ပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေများ လက်ခံရရှိခဲ့ပြီး အသုံးစရိတ်သုံးစွဲမှုနှင့် စပ်လျဉ်းသည့် Financial Acquittal များအား အဆိုပါ မိတ် ဖက် အရပ်ဘက်အဖွဲ့များထံ အချိန်နှင့်တပြေးညီ ပေးပို့တင်ပြ စာရင်းစစ်ဆေးမှု ခံယူလျက်ရှိကြောင်း လည်း ထုတ်ပြန်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန စတင်ဖွဲ့စည်းချိန်ကပင် ဘဏ္ဍာရေးမူဝါဒချမှတ်ကာ လိုက်နာ ကျင့် သုံးလျက်ရှိပြီး ငွေစာရင်းရှင်းတမ်းများကို NUGပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးအတည်ပြု မှု ခံယူလျက်ရှိကြောင်း ဘဏ္ဍာငွေများ ခွဲဝေအသုံးပြုမှုနှင့် စပ်လျဉ်း၍ NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန သို့ လစဉ် ငွေစာရင်းမှတ်တမ်းများ ပေးပို့ အစီရင်ခံလျက်ရှိပြီး နှစ်ချုပ်အစီ ရင်ခံစာများအား ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်အထိ အစီရင်ခံ တင်ပြခဲ့ ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးလက်အောက်ရှိ CDM ဝန်ထမ်းများအတွက် ၂၀၂၂ခုနှစ်၊အောက်တို ဘာမှ ၂၀၂၄ ဖေဖေါ်ဝါရီအထိ လစဉ် ကျပ်သိန်း၅၀တိတိနှင့် ၂၀၂၄မတ်လမှ ၂၀၂၄ဇူလိုင်အထိ လစဉ် ကျပ် သိန်း၃၀ တိတိ၊ စုစုပေါင်း ကျပ်သိန်း၁၀၀၀ ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဘဏ္ဍာ ငွေမှ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းကို တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာ၊ နောက်ဆက်တွဲလုပ်ငန်းစဉ်များအပေါ် လူ့အခွင့် အရေးဆိုင်ရာကိစ္စ လိုအပ်သော အကြံပြုချက်များ ပေးပို့ တိုက်တွန်းခြင်းနှင့် စောင့်ကြည့်လေ့လာ ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။
