မင်္ဂလာဒုံတွင် ကင်းလှည့်ထွက်လာသည့်ရဲများကို ၂ ကျော့ပြန် မိုင်းဆွဲ

ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့နယ်တွင် ကင်းလှည့်ထွက်လာသည့်ရဲကားကို ၂ ကျော့ပြန် မိုင်းဆွဲခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီးပေါ် ရခိုင် ကျောင်းမှတ်တိုင်နှင့် သင်္ယန်းကျွန်းကြီးမှတ်တိုင်ကြားရှိ မင်္ဂလာဒုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ကင်းလှည့်ရန် ထွက်လာသော ရဲများပါသည့်ကားကို မိုင်း ၂ လုံးဖြင့် ၂ ကျော့ပြန် မိုင်းဆွဲခဲ့ရာ ရဲ ၃ ဦး ထိခိုက်နိုင် ကြောင်း မြို့ပြကြွက်အဖွဲ့က သတင်းထုတ်ပြန်သည်။

မနေ့ကည ၁၀နာရီ ဝန်းကျင်ပါ။ ရဲစခန်းအနီးနားမှာပါပဲ။ အဲဒီစခန်းထဲက ထွက်လာတဲ့ ရဲခွေးကားကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ကားပေါ်မှာ လက်နက်ကိုင် အင်အား ၅ ယောက် ပါပါတယ်။ သူတို့ထွက် လာတဲ့အချိန် ပထမတစ်လုံးခွဲလိုက်တာ ကားကိုထိသွားပြီး ကားပေါ်ကဆင်းပြေးပြီးစခန်းထဲ ပြန်ဝင် သွားပါတယ်။ နောက်ပြန်ထွက်လာတော့နောက်တစ်လုံး ထပ်ခွဲလိုက်တာပါ။ ကားပေါ်ကဆင်းပြေး ပြီး၊ ပြီးမှလမ်းလျှောက် ပြန်ထွက်လာကြတာပါ”ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို မြို့ပြကြွက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီဝန်းကျင်ကလည်း မှော်ဘီမြို့မရဲစခန်းမှ ထွက်လာသည့် ရဲနှင့်ပျုစောထီးအဖွဲ့ကို မြို့ပြကြွက်အဖွဲ့က ရဲစခန်းအနီး၌ပင် လက်ပစ်ဗုံး ၂ လုံးနှင့် လက်လုပ်မိုင်း ၂ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းတို့စီးနင်းလာသည့် အိမ်စီးကားကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။