တစ်သင်းလုံးကန်မည်ဟု ကြွေးကြော်ခဲ့သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဝင်များမှာ မွန်ပြည်နယ်၊ မော်လမြိုင်တခွင်၌ ပျောက်ဆုံးနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဝန်ကြီး၏ ပါတီ ဖြစ်သောကြောင့် အန္တရာယ်မရှိဟု ယုံကြည်ကာ PPP ထဲသို့ ဝင်ရောက် လှုပ်ရှားသူများမှာ တရားမဝင် ရွေးကောက်ပွဲအပြီးတွင် အကြီးအကျယ်မဲရှုံးခဲ့ရုံတင်မက ပါတီဥက္ကဌ သက်သက်ခိုင်ကိုယ်တိုင် ဖမ်းဆီးခြင်းခံရသဖြင့် မော်လမြိုင်တခွင်၌ ပါတီဝင်များ ကြောက်ပြေး၊ ပြေးကြပြီ ဖြစ်ကြောင်း ဒေသတွင်း ပါတီများနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ပထမ ဒေါ်သက်သက်ခိုင် အမတ်လောင်းကနေ ဖယ်ရှားခံရကတည်းက လန့်သွားကြတယ်။ ပြီး တော့ အဖမ်းခံရတော့ အခြေအနေမကောင်းဘူးဆိုတာ သိသွားတယ်။အခုနောက်ဆုံးအခြေအနေ က အမေကြီးသက်(သက်သက်ခိုင်)အကျယ်ချုပ်ပုံစံမျိုးနဲ့ အပြင်ထွက်ချင်ရင် သတင်းပို့ပြီးမှ ထွက်ခွင့်ပေး မှ ထွက်ရတယ်ဆိုပြီး သူတို့ပါတီဝင်တွေ ပြောနေကြတယ်။ ဘယ်သူမှ PPP မလုပ်ရဲကြတော့ဘူး”ဟု ၎င်းက MPAသို့ပြောသည်။
မော်လမြိုင်နှင့် အနီးမြို့များရှိ PPPပါတီဝင် အားလုံးနီးပါးမှာ သန္ဓေများ မဟုတ်ကြဘဲ ၂၀၂၅ရွေး ကောက်ပွဲပြုလုပ်မည်ဆိုမှ အန္တရာယ်မရှိဘဲ အာဏာရနိုင်သည်ဆိုသော ယုံကြည်မှုဖြင့် ဝင်ရောက်ကြ ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက ကျနော်တို့ဆီမှာ ဝန်ကြီးပါတီဆိုပြီး မာန်တက်နေတဲ့တစ်ယောက်ရှိတယ်။အခုဆို အပြင်ထွက်တာတောင် သိပ်မတွေ့တော့ဘူး”ဟု ချောင်းဆုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ် ဦးက ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည် မွန်ပြည်နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲ၌ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP ၌ တစ်နေရာမျှ မနိုင်ဘဲ အချိုးကျကိုယ်စားပြုမှု PRအရ ပြည်နယ်လွှတ်တော် တစ်နေရာ ရရှိခဲ့သည်။
လက်ရှိတွင် သက်သက်ခိုင်သည် PPPပါတီ ဥက္ကဌ မဟုတ်တော့ဘဲ PPP ပါတီ၏ လူ့စွမ်းအားအရင်းအ မြစ်ကော်မတီဥက္ကဌရာထူးသာ ရှိတော့သည်။
ဇန်နဝါရီအတွင်း သက်သက်ခိုင်နှင့် PPPပါတီ စီအီးစီ ထက်ထက်လှိုင်တို့သည် ပြည်ပသံရုံး တစ်ရုံးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် စစ်ကော်မရှင် အလိုကျ ပါတီဥက္ကဌရာထူးမှ ဆင်းပေးရခြင်းဖြစ်နိုင်ကြောင်း အကဲခတ်အချို့က သုံးသပ်သည်။
