မေဝယ်သာနှင့် ပက်ကွီယို မကျေပွဲ ပြုလုပ်မည့်ရက်နှင့် တည်နေရာ အတိအကျ ထွက်ပေါ်လာ

ဖလွိုက်မေဝယ်သာ (Floyd Mayweather) နှင့် မန်နီပက်ကွီယို (Manny Pacquiao) တို့၏ မကျေပွဲကို အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့ရှိ Sphere ကွင်း၌ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်ပြီဖြစ်သည်။

အဆိုပါ ဂန္ထဝင်လက်ဝှေ့သမားနှစ်ဦးသည် တရားဝင်ပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ကြတော့မည်ဖြစ်ကြောင်း Netflix က တနင်္လာနေ့မွန်းလွဲပိုင်းတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

မေဝယ်သာ-ပက်ကွီယို ဒုတိယအကြိမ်ပွဲစဉ်ကို စက်တင်ဘာလအတွင်း လက်စ်ဗီးဂက်စ်တွင် ကျင်းပရန် စီစဉ်နေပြီး ခန်းနားထည်ဝါသည့် Sphere ကွင်းကြီးတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း The Ring သတင်းဌာနက တနင်္လာနေ့အစောပိုင်းတွင် ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ငွေကြေးအမြောက်အမြား ရရှိနိုင်မည့် အဆိုပါနောက်ဆက်တွဲ ပွဲစဉ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း The Ring က ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဖော်ပြခဲ့ဖူးသည်။

လက်စ်ဗီးဂက်စ်လမ်းမကြီးအနီးတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဖွင့်လှစ်ခဲ့သည့် ထူးခြားဆန်းသစ်သော Sphere ကွင်းကြီးသည် ပရိသတ် ၂၀,၀၀၀ ခန့် ဆံ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက UFC 306 ပွဲစဉ်ကိုလည်း လက်ခံကျင်းပပေးခဲ့ဖူးသည်။

လာမည့်အင်္ဂါနေ့တွင် အသက် ၄၉ နှစ်ပြည့်တော့မည့် မေဝယ်သာသည် ဧပြီလ ၂၅ ရက်နေ့တွင် မိုက်တိုင်ဆန်နှင့် သရုပ်ပြပွဲ ထိုးသတ်ပြီးနောက် လက်ဝှေ့လောကသို့ ပရော်ဖက်ရှင်နယ်အဖြစ် ပြန်လည်ဝင်ရောက်လာမည်ဟု ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။

မေဝယ်သာက “ကျွန်တော် မန်နီကို တစ်ခါနိုင်ခဲ့ပြီးပြီ။ ဒီတစ်ခါလည်း ရလဒ်က အတူတူပဲ ဖြစ်မှာပါ” ဟု Netflix ၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အသက် ၄၇ နှစ်အရွယ်ရှိ ပက်ကွီယိုသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က လက်စ်ဗီးဂက်စ်တွင် မာရီယို ဘားရီးယော့စ် (Mario Barrios) ၏ WBC Welterweight ချန်ပီယံဆုကို စိန်ခေါ်ရင်း လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သူဖြစ်သည်။

၎င်းတို့၏ ၁၂ ချီ ပွဲစဉ်မှာ အမှတ်ပေးဒိုင်အများစု၏ ဆုံးဖြတ်ချက်ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ပက်ကွီယိုသည် ဧပြီလ ၁၈ ရက်နေ့တွင်လည်း လက်စ်ဗီးဂက်စ်ရှိ Thomas & Mack Center ၌ Ruslan Provodnikov နှင့် သရုပ်ပြပွဲ ထိုးသတ်ရန်ရှိနေပြီး ယင်းနောက် ၅ လအကြာတွင် မေဝယ်သာအား ရှုံးနိမ့်ခဲ့ဖူးသည့်ပွဲအတွက် လက်စားချေရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

ပက်ကွီယိုက “ဖလွိုက်နဲ့ ကျွန်တော်ဟာ လက်ဝှေ့သမိုင်းမှာ အကြီးကျယ်ဆုံးပွဲစဉ်ကို ကမ္ဘာကြီးအတွက် တင်ဆက်ပေးခဲ့ဖူးပါတယ်။ ပရိသတ်တွေ အကြာကြီး စောင့်ခဲ့ရပါပြီ၊ သူတို့ဟာ ဒီမကျေပွဲနဲ့ ထိုက်တန်သလို Netflix ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ပြသမှာဖြစ်လို့ အခုတစ်ခါမှာ ပိုပြီးတော့တောင် ကြီးကျယ်ခမ်းနားလာပါလိမ့်မယ်။ ဖလွိုက်ရဲ့ ပရော်ဖက်ရှင်နယ်စံချိန်မှာ ရှုံးပွဲတစ်ပွဲ ရှိသွားစေချင်သလို အဲ့ဒီရှုံးပွဲကို ဘယ်သူကပေးခဲ့တာလဲဆိုတာကိုလည်း သူ အမြဲမှတ်မိနေစေချင်ပါတယ်။ ထုံးစံအတိုင်း ဒီပွဲကို ကမ္ဘာတစ်ဝန်းက ကျွန်တော့်ရဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် ရည်စူးပြီး ဖိလစ်ပိုင်နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားမှုတွေ ယူဆောင်လာပေးမှာပါ” ဟု Netflix ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မေဝယ်သာသည် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက လက်စ်ဗီးဂက်စ် T-Mobile Arena ၌ UFC စူပါစတား ကော်နာ မက်ဂရီဂေါ်အား ၁၀ ချီတွင် နည်းစနစ်ဖြင့် အနိုင်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သရုပ်ပြပွဲမဟုတ်သော ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မေဝယ်သာ-ပက်ကွီယို ဒုတိယအကြိမ်ပွဲစဉ်သည် စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိခဲ့ကာ လက်ဝှေ့သမိုင်းတွင် ဝင်ငွေအကောင်းဆုံးပွဲအဖြစ် ရပ်တည်နေသည့် ၎င်းတို့၏ ပထမအကြိမ်ပွဲစဉ်နောက်ပိုင်း ၁၁ နှစ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့၏ Welterweight ချန်ပီယံလုပွဲသည် ထိုစဉ်က Pay-per-view ကြည့်ရှုသူ ၄.၄ သန်းနှင့် ကွင်းဝင်ကြေး ဝင်ငွေ ဒေါ်လာ ၇၂ သန်းကျော် ရရှိကာ စံချိန်တင်ခဲ့သည်။

၂၀၁၅ ခုနှစ် မေလအတွင်းက MGM Grand Garden Arena ၌ ထိုးသတ်ခဲ့သည့် ထိုပွဲတွင် မေဝယ်သာက ဒိုင်အားလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သော်လည်း ထိုပွဲမှာ ထင်သလောက် လှုပ်လှုပ်ရှားရှား မရှိခဲ့သည့်အတွက် ပရိသတ်အချို့က စိတ်ပျက်ခဲ့ကြရသည်။