အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တပ်ကင်းကွာအဖြစ် သတ်မှတ်ထားသည့် ရဲဘော် ၁၅ ဦးကို တပ်ပြေးတရားခံများအဖြစ် ကြေညာခြင်းအပေါ် တော်လှန်ရေးထောက်ခံသူများ၏ အသိုင်းအဝိုင်း၌ ဝေဖန်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
“တော်လှန်ရေး တစ်စုံလုံး အတိုင်းအတာတွေ၊ အရွေ့တွေ ဘာတွေလည်း ထည့်မတွက်ကြဘူး။ သင်တန်းထပ်ခေါ်၊ နောက်တာဝန်ထမ်းဆောင်မယ့်သူတွေကို ရေလည်အောင် ပြောပြပြီး ဖြည်းဖြည်းပဲ ယန္တရားကို တည်ဆောက်သင့်တာပေါ့။ အခုလိုထုတ်ပြန်တာက တော်လှန်ရေးအပေါ် အခြေအနေ အချိန်အခါ နားမလည်ဘဲ အာဏာသုံးတယ်လို့ပဲ မြင်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်၌ ထုတ်ပြန်ထားသည့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကြေညာချက်တွင် တပ်ကင်းကွာအဖြစ် သတ်မှတ်ထားသည့် ရဲဘော် ၁၅ ဦး ဖခင်များ၏ နာမည်နှင့် နေရပ်လိပ်စာများကို ဖော်ပြထားခြင်း ဖြစ်သည်။
“မိဘ၊ နေရပ်လိပ်စာအပြည့်အစုံထည့်ထားပြီးမှတော့ ရဲဘော်တွေရဲ့ မှတ်ပုံတင်နံပါတ်တွေကိုလည်း ထည့်ပေးလိုက်သင့်တာ။ ခုလို စာထုတ်တာမျိုးက ရဲဘော်တွေရဲ့ မိသားစုတွေအပေါ်မှာလည်း ဖိအားတွေ၊ အကျိုးသက်ရောက်မှုတွေ တစ်ခုခု ဖြစ်သွားနိုင်တယ်။ စစ်အာဏာရှင်ကို မကြိုက်ဘူးဆိုပြီး အာဏာရှင်လမ်းစဉ်အတိုင်း သွားနေကြသူတွေ အများကြီးပဲ” ဟု ထောက်ပို့လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ရဲဘော် ၁၅ ဦး၏ ဖြစ်စဉ်ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နုတ်ထွက်စာတင်ထားခြင်းနှင့် ယှဉ်ပြကာ ပြင်းပြင်းထန်ထန် ဝေဖန်နေမှုများလည်း ရှိနေသည်။
“တကယ်ဆို တပ်ပြေးတဲ့ ရဲဘော်တွေမှာလည်း သူတို့အခက်အခဲတွေနဲ့ ကိုယ်စီရှိကြတယ်။ အရင်က သူတို့တွေ အသက်ပေးပြီး ကျည်၊ အမြှောက်ဆံကြားထဲမှာ တိုက်ယူခဲ့ရတာတွေ ရှိခဲ့တာပဲလေ။ အခုလို ပြည့်ပြည့်စုံစုံနဲ့ တပ်ပြေးအဖြစ် မကြေညာခင်မှာ အဲ့ဒီလုပ်ရပ်တွေကိုလည်း ပြန်ပြီး စဉ်းစားသုံးသပ်စေချင်တယ်” ဟု ပေါက်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
အာဏာသိမ်းကာလ ငါးနှစ်ကျော်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနက်မှ အချို့သောအဖွဲ့ဝင်များအနေဖြင့် ခေါင်းဆောင်ပိုင်းတချို့၏ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှု၊ မိသားစု၏ စားဝတ်နေရေး၊ ငွေကြေးစသည့် အထွေထွေအကျပ်အတည်း၊ အခက်အခဲများကြောင့် တပ်ပြေး၊ ခွင့်မဲ့၊ ခွင့်လွန်ကြသူများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ခွင့်မဲ့၊ ခွင့်လွန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တာဝန်ပြန်လည်ထမ်းဆောင်ကြရန် ၎င်းတို့ မိခင်တပ်ရင်း၊ စစ်ဒေသများက ကြေညာချက်များ ထုတ်ပြန်ထားကြသည်။
